Wednesday, December 22, 2010

နှစ်ထောင့်တစ်ဆယ်က နားတော့မယ်



နှစ်ထောင့်တစ်ဆယ် နှစ်ထောင့်တစ်ဆယ်နဲ့ ဖလန်းဖလန်းထခဲ့တဲ့ နှစ်လည်း အခုတော့ နှစ်ထောင့်တစ်ဆယ့်တစ် ရှေ့မှောက်မှာ ယိုင်ထိုးလဲပြိုလုပြီ။ ရပ်တန့်လို့မရတဲ့ အချိန်ဆိုတဲ့ ယန္တရားကြီးထဲမှာ အသစ်တွေဟာ တချိန်ချိန်မှာ အဟောင်းဖြစ်ပြီး ချုပ်ငြိမ်းရမှာ ဓမ္မတာ။ ပိုင်ဆိုင်မှုတွေဆိုတာ တဒင်္ဂ။ ဘယ်အရာမှ မတည်တံ့တဲ့ လောက။ အနန္တသူရိယ အမတ်ကြီးကလည်း မျက်ဖြေလင်္ကာမှာ “စံအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း” လို့ ဆိုခဲ့တယ် မဟုတ်ပါလား။ တချို့ရေပွက်တွေကတော့ ဆူနာမီလောက် ပွက်-ပွက်နိုင်လွန်းတဲ့အတွက် တော်တော်နဲ့ ပြန်မကျသေးတာမျိုး ရှိကောင်းရှိမယ်။

နှစ်အသစ်အသစ်တွေ ရောက်လာတိုင်း ကိုယ်ရေးရာဇ၀င်မှာ အသက်တစ်နှစ်ကြီးတာကို update လုပ်လိုက်ရတာကတော့ သိသာတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဘလော့ဂ်ထဲမှာ စာရေးသားမှုနဲ့ ပတ်သက်လို့တော့ ခါတိုင်းနှစ်တွေမှာ တစ်နှစ်ကို ပို့စ်ပေါင်း တစ်ရာကျော် ရေးခဲ့ပေမယ့် ၂၀၁၀ မှာတော့ သိသိသာသာ ကျဲသွားပါတယ်။ ၆၀ကျော်ပဲ ရှိတယ်။ အရေအတွက်ကျပေမယ့် အရည်အချင်းကတော့ မကျလောက်ဘူးလို့ ကိုယ့်ကိုယ်ကို ကြံဖန်အားပေးရပါတယ်။

မနှစ်က နှစ်ကုန်ခါနီး ရေးခဲ့တဲ့ ပို့စ်မှာ “တစ်နှစ်တာ မကြိုက်များ” ဆိုပြီး ကိုယ့်ကိုယ်ကို မကြိုက်တာတွေ ရေးခဲ့တယ်။ ဒီနှစ်ကတော့ ကြိုက်တာတွေ ရေးမယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို ကြိုက်သင့်တယ်။ ဒါဟာ သံသယရှိစရာမလိုဘူး။ ငါအသုံးမကျဘူး ငါ့မှာ ဘာမှမပြည့်စုံဘူး ငါမအောင်မြင်ဘူး စသည်ဖြင့် အားငယ် စိတ်ပျက်နေသူတွေဟာ ကိုယ့်ကောင်းကွက်လေးတွေ ပြန်ရှာကြည့်သင့်တယ်။

၂၀၁၀ထဲမှာ မိသားစုကိစ္စတွေ၊ အလုပ်ဖိစီးမှုတွေ၊ လုပ်ချင်တာလျှောက်လုပ်ချိန်တွေ အတွက် ဦးစားပေးပြီး မှတ်ချက်ရေးတာ မှတ်ချက်ပြန်တာ ဆီပုံးမှာနှုတ်ဆက်တာ အွန်လိုင်းမှာ စကားစမြည်ပြောတာတွေမှာ အင်မတိအင်မတန် အားနာတာကို အတတ်နိုင်ဆုံး ကြိတ်မှိတ်မျိုသိပ်ပြီး လူမှုဆက်ဆံချိန်တွေ အရင်ကနဲ့စာရင် လျှော့ဖြစ်ခဲ့တာကို ကြိုက်တယ်။ ပို့စ်မတင်တာ နည်းနည်းလေးကြာရင် ဧည့်ဝတ်မကျေသလိုလို မနေတတ်မထိုင်တတ် ဖြစ်တတ်တဲ့၊ လာရှာသူတွေ ရှိခဲ့ရင် စိတ်ပျက်သွားမလား စိုးရိမ်တတ်တဲ့ စိတ်တွေကို ဖျောက်ပြီး တခါတလေ ကိုယ့်ဘလော့ဂ်တောင် ကိုယ်ဖွင့်မကြည့်ဖြစ်အောင် ကာလရှည်ကြာ အသည်းတွေ မာနေနိုင်တာကိုလည်း ကြိုက်တယ်။ မူရာကာမိအကြောင်းတွေ ရေးမယ်လို့ ကတိပေးပြီးမှ အာရုံတွေက တခြားဘက်မှာ အနည်ထသွားပြန်တော့ ပိတ်သတ်ကြီးကို အားမနာလျှာမကျိုး ဘာဖြစ်လဲ နောက်မှရေးမှာပေါ့လို့ ခပ်တင်းတင်း စိတ်ထားနိုင်တာကိုလည်း ကြိုက်တယ်။

ရွေ့လျားနေတဲ့ယာဉ်ပေါ်မှာ စာဖတ်ရင် ခေါင်းမူးတတ်တာကို အကျင့်မရရအောင် လုပ်ပြီး ရုံးသွားရုံးပြန်ချိန်တွေ ရထားပေါ်မှာ စာနည်းနည်းပါးပါး ဖတ်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တာကိုလည်း ကြိုက်တယ်။ စာရေးတာ နည်းသွားပေမယ့် ပုံလေးတွေကို စိတ်ကိုနည်းနည်း ပိုဆွဲဆန့်ပြီး ရေးဖြစ်လာတာကိုလည်း ကြိုက်တယ်။ ပေါင်ချိန်စက်ကို လနဲ့ချီပြီး မေ့မေ့ပျောက်ပျောက်ထား အစားအသောက် မပျက်ခဲ့တဲ့ အဖြစ်ကိုလည်း ကြိုက်တယ်။ တက်တက်လာတဲ့ သတင်းတွေထဲမှာ အများသူငါလိုပဲ လူဆန်ဆန် စိတ်လှုပ်ရှားလိုက် အတင်းပြောလိုက် ပျော်ရွှင်လိုက် အားမလိုအားမရဖြစ်လိုက် စိတ်ပျက်လိုက်နဲ့ လိုက်လျောညီထွေ လိုက်စီးဆင်းနေရတာကိုလည်း ကြိုက်တယ်။

ဘလော့ဂ်ရေးခါစက ဂျစ်တူးတို့နဲ့ အတူတူ ဘလော့ဂါမြှင့်တင်ရေး တာဝန်ခံတွေအလား လွတ်လွတ်လပ်လပ် တင်ပြပြောဆိုတတ်တဲ့ ယဉ်ကျေးမှုတွေ ထွန်းကားရေးဘာညာ ကြီးကြီးကျယ်ကျယ်စဉ်းစားရ၊ ဘလော့ဂ်ဝက်ခ်ျ စောင့်ကြည့်ရ၊ ဘလော့ဂါအသစ်ပေါ်လာရင် လည်ပတ်မှတ်ချက်ရေး အားပေးရ၊ မရေးတော့ဘူး ဆိုသူတွေကို စည်းရုံးဆွဲဆောင်ရ၊ ဘယ်ဘလော့ဂ်က ကောင်းတယ်ဆိုရင် အချင်းချင်းလက်တို့ရ၊ အခုတော့လည်း ဘာသိဘာသာ အတော်နေတတ်သွားတာကို ကြိုက်တယ်။ တချို့ကိစ္စတွေက သူ့သဘာဝဖြစ်စဉ်အတိုင်း သူ သွားပါလိမ့်မယ်။ အခုဆို အွန်လိုင်းမှာ မြန်မာစာရေးသားခြင်း အလေ့အထဟာ အရှိန်ကောင်းလာလိုက်တာ ကိုယ်မသိတော့တာတွေလည်း အများကြီး ကိုယ့်ကို မသိတာတွေလည်း အများကြီး။ ဒီလိုပဲ အစဦးပိုင်းက ရေးခဲ့သူတွေလည်း တဖြုတ်ဖြုတ်ပျောက်သွားကြတာတွေ ရှိလာခဲ့တယ်။ အွန်လိုင်းဘ၀တွေက ပျောက်သောသူကြာရင်မေ့ ဆိုတော့လည်း ကျန်တဲ့လူတွေက မေ့မေ့ပျောက်ပျောက် ဆက်လက် လည်ပတ်နေကြဆဲ။

ကြိုက်တာတွေက ရှိဦးမှာပါ။ ဒီလောက်နဲ့ နားဦးမယ်။ ဘာမှမရှိတာနဲ့ စာရင် တစ်ခုခုရှိတာတော့ ကောင်းတာပေါ့ ဆိုတာမျိုးက အခုနောက်ပိုင်းမှာ ခေတ်စားလာတယ် မဟုတ်လား။ မကြိုက်တာတွေကို ပြင်မရတာနဲ့စာရင် ရှိတာလေးတွေကို ရှာဖွေပိုက်စိတ်တိုက်ပြီး အခုလိုကြိုက်လိုက်တော့လည်း မအေးပေဘူးလား။ ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ ဆိုပြီး ထမင်းကြမ်းလေး ယပ်ခပ်စားနိုင်ကြစေဖို့ နှစ်ထောင့်တစ်ဆယ့်တစ် အကြို ဆုတောင်းပေးလိုက်ပါတယ်။


ပန်ဒိုရာ

Expand..

Sunday, December 5, 2010

လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)

မအိန္ဒြာရဲ့ ပို့စ်လေးကို ကူးယူဖော်ပြလိုက်ပါတယ်။ ဖေးကူ ပေးလှူကြစေဖို့....


-------------------------------


လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)

ကမ္ဘာ့ ( AIDS ) နေ့ကိုရောက်လာခဲ့ပြန်ပါပြီ..။
မနှစ်ကဒီလိုအချိန်မှာပဲသုခရိပ်မြုံHIV ကူးစက်ခံမိဘမဲ့ကလေးများ ဂေဟာအတွက်
စုပေါင်းလှူဒါန်းခဲ့ကြတာလည်း တစ်နှစ်ပြည့်မြောက်ပါတော့မယ်.။

အဲဒီ့အလှူငွေစုစုပေါင်း ၄၇ သိန်း ကို သူခရိပ်မြုံဂေဟာလေးမှာ အထွေထွေ ၀န်ဆောင်မှုတွေမှာ အသုံးပြုခဲ့နိုင်တယ်လို့ သိရပါတယ်.။

ဒီနှစ်လည်း ဒီလိုပဲ မိတ်ဆွေ ညီအကိုမောင်နှမတွေ စုပေါင်းပြီး ထိထိရောက်ရောက်
လှူဒါန်းနိုင်မယ့် အလှူမျိုးလေးနဲ့ စုပေါင်းလှူဒါန်းကုသိုလ်ယူကြပါဦးစို့လို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

အခုမနှစ်ကလှူဒါန်းခဲ့တဲ့အလှူငွေဖြတ်ပိုင်းဓါတ်ပုံလေးတွေကိုပါသာဓုခေါ်ဆိုနိုင်ဖို့ထပ်မံတင်ပြပေးလိုက်ပါတယ်..။

အလှူငွေတွေကို မြန်မာပြည်မှာ စာရေးဆရာမ မနော်ဟရီက အစစအရာရာ ကုသိုလ်ဖြစ် တာဝန်ယူလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်..။

ဒီဖြတ်ပိုင်းလေးတွေကတော့ အလှူငွေလက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်မှတ်တမ်းလေးတွေပါ။






ဒီသတင်းလေးကို အသေးစိတ်ပြန်သိချင် ဖတ်ချင်တယ်ဆိုရင်တော့ သုခရိပ်မြုံ ဆိုတဲ့ ကဏ္ဍလေးမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်..။
ညီအကိုမောင်နှမတွေက ထင်တာထက်ပိုပြီး အားတက်သရော လှူဒါန်းခဲ့ကြလို့ ကျေးဇူးတင်ဝမ်းသာရသလို ခုချိန်အထိတောင် ဖုန်းဆက်ပြီး မြန်မာပြည်ပြန်ရင်း လှူနိုင်ဖို့ သုခရိပ်မြုံရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကို စုံစမ်းကြသူတွေ ရှိနေတုန်းပဲမို့ အများကြီး ကျေနပ်ပိတိဖြစ်လို့မဆုံးပေါ့..

ဒီနှစ်တော့ ကလေးဦးရေ ၆၀ အထိတိုးလာပြီး ကလေးလေး ၃ ယောက်ကိုတော့
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ စိတ်မကောင်းဖွယ်ရာ ကြားသိရပါတယ်။

မေတ္တာတွေ စေတနာတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက် ပေါင်းစည်းမိလိုက်ကြတဲ့ အလှူပွဲလေးတစ်ပွဲပါပဲ..။
တစ်ယောက်နဲ့တစ်ယောက် လူချင်းတွေတောင် မသိကြ မမြင်ဘူးကြတဲ့ ဒီ(၁၁၁)ယောက်ဟာ
ကုသိုလ်တွေ အတူတူရရှိခဲ့ကြပြီး သာဓုတစ်ပြိုင်တည်းခေါ်ဆိုခွင့်ရရှိခဲ့ကြပါတယ်.။

" ဘာပဲဖြစ်ဖြစ် တကယ်လိုအပ်နေတဲ့သူတွေလက်ထဲအရောက် အလှူငွေ ထည့်အပ်နိုင်ခဲ့တာအတွက် လှူဒါန်းသူတွေရော ကြားသိရတဲ့သူတွေပါ ကျွန်မနဲ့ထပ်တူ ကျေနပ်ဝမ်းမြောက် သာဓုခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်.။"

ဒီနှစ်တော့ သုခရိပ်မြုံဂေဟာကိုတင်မဟုတ်ဘဲ ကောက်ခံရရှိတဲ့ငွေပေါ်ကို မူတည်ပြီး
HIV နဲ့ပတ်သက်တဲ့ ဆေးရုံတွေ ၀န်ဆောင်မှုတွေအပြင်
အလားတူ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့တွေကိုပါ သွားရောက်လှူဒါန်းကြဖို့ စီစဉ်မျှော်လင့်ထားပါတယ်..။

တစ်ဒေါ်လာတိုင်းဟာ မြန်မာငွေ ၇၀၀ - ၈၀၀ နဲ့ညီမျှတော့ တစ်ဒေါ်လာပဲထည့်ရင်တောင် ထမင်းတစ်နပ်စာတော့ ပံ့ပိုးပေးလိုက်နိုင်မှာပါ။

ဒီလိုနဲ့ပဲ မနှစ်က နိုင်ငံအရပ်ရပ်က အွန်လိုင်းစာဖတ်သူတွေ စာရေးသူတွေ စေတနာရှင်တွေ (၁၁၁)ဦးရဲ့ နည်းနည်းချင်းဆီ စုပေါင်းကြရာကနေ ၄၇သိန်းဆိုတဲ့ ငွေပမာဏဖြစ်တည်လှူဒါန်းနိုင်ခဲ့ကြတာပါ.။

ဒီနှစ်အတွက်၂၀၁၀ဒီဇင်ဘာ(၁)ရက်နေ့ကနေ ၂၀၁၁ ဇန်န၀ါရီလကုန်အထိ
"၂လတိတိကောက်ခံပြီး "
ဖေဖေါ်ဝါရီလထဲမှာ လှူဒါန်းကြမှာဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့သူတွေကတော့

စင်ကာပူနိုင်ငံမှာ

အိန္ဒြာ ( ၉၁၇၉၆၅၄၂)
မိုးကုတ်သား( ဘိုဘိုဟန်ထွန်းနိုင်) (၈၁၁၈၉၁၆၀)
မယ်ကိုး(၈၂၃၉၂၇၆၄)
ရီနိုမာန်(၉၀၀၄၆၀၂၂)

အိန္ဒိယနိုင်ငံမှာ
အရှင်ကုဏ္ဍလ
A Shin Kondala
Univerisy of Jammu
Nehru Hall Boys Hostel
Room- 144, Jammu-180006,Jammu&Kishmir,India,
Phone- No +91 9697510037

မလေးရှားနိုင်ငံမှာ
ခရေတွန်(၆၀ ၁၆၆၀၄၀၄၀၀)

ထိုင်းနိုင်ငံမှာ
ကိုဆန်နီ (ဖုန်းနံပါတ်ကို ထပ်မံတင်ပြပေးပါမည်။)

ထိုင်ဝမ်နိုင်ငံမှာ
မြစ်ကျိုးအင်း (၈၈ ၆၉၅၃၇၀၅၆၂၅)

ကိုရီးယားနိုင်ငံမှာ
စာပေချစ်မြတ်နိုးသူများ ( ၀၁၀ ၂၂၆၉၁၇၈၈)
Yမြစ်ချို (၀၁၀ ၈၇၁၄၇၀၁၉)

ဂျပန်နိုင်ငံမှာ

သင်းသင်းထွဋ် (၀၈၀ ၄၁၁၃ ၁၈၇၅)

ခင်လေးငယ် (၀၈၀ ၂၀၃၂ ၇၁၄၈ )



တို့ကနေတဆင့် ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြပါကြောင်း..

ဒီနှစ်တော့ Facebook မှာပါ တင်မှာဖြစ်တဲ့ အတွက် ဖုန်းဆက်လို့ဖြစ်စေ Facebook မှာ message ပို့ပြီးတော့ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း

အလှူငွေကောက်ခံရရှိတဲ့ အလှူငွေစာရင်းတွေကို Blog နဲ့ Facebook တွေမှာ တင်ပေးသွာမှာဖြစ်ပါကြောင်း..
မိတ်ဆွေ မောင်နှမ ညီအစ်မများကို လေးစားစွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်.။


အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

အိန္ဒြာ

http://eaindrar.blogspot.com/

Expand..

Friday, December 3, 2010

ဒုက္ခဗေဒ



ညဥ့်နက်သန်းခေါင် အိပ်ရေးပျက်သလောက် စာတစ်ပုဒ်မှ ထွက်မလာနိုင်တာလည်း တစ်ဒုက္ခ
မြင်မြင်သမျှ ပြောချင်သမျှ ဟိုကြည့်ဒီကြည့် မျိုမျိုချနေရတာကလည်း တစ်ဒုက္ခ
နောက်ကောက်ကျန်ခဲ့မှာစိုးလို့ ဖီလင်တွေခါချ တကူးတက ဒန်ဒန်ကြည့်ရတာလည်း တစ်ဒုက္ခ
ထူးထွေသည့်အံ့ရာသော် ၀ါကျတွေ မနေမနား ထွေပြား ရှည်လျားပေးရတာလည်း တစ်ဒုက္ခ
ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ်၊ လူမှုကွန်ယက်၊ နက်စကားလုံး သိသိသမျှ စာထဲ ထည့်သုံးနေရတာလည်း တစ်ဒုက္ခ
မသိမသာ အွန်လိုင်းမှာ လူရာဝင်ချင်နေတဲ့ ရောဂါတွေကလည်း တစ်ဒုက္ခ
ကိုယ်ရောက်နေတဲ့တောအုပ် မှောင်မှန်းမသိလင်းမှန်းမသိ မှန်းသန်းရမ်းနေကြတာကလည်း တစ်ဒုက္ခ
ပြောရင်းပြောရင်း အစွန်းရောက်ဒေါသနဲ့ ဃောသသံတွေ ထူလာရတာကလည်း တစ်ဒုက္ခ
အဝေးပြေးလမ်းမကြီးတွေ ထုတ်ချင်းပေါက် ဖြောင့်ဖြူးလွန်းတာကလည်းတစ်ဒုက္ခ
ဘီလီယံဒေါ်လာပရောဂျက်တွေက လည်ပင်းရောက်အောင်ဆို့နေကြတာကလည်း တစ်ဒုက္ခ
ဘယ်ဘက်ကလှည်းတစ်ရာဝင်ပေမယ့် ညာဘက်ကတစ်မှုန် ကြဲမပေးတာကလည်း တစ်ဒုက္ခ
သေစရာရောဂါရှိနေရတဲ့အထဲ နေစရာစားစရာမရှိကြတာကလည်း တစ်ဒုက္ခ
ကျိုးလွယ်ပဲ့လွယ် နှစ်ဆယ့်တစ်ရာစုကို ဖွဖွရွရွလေး ထိန်းကိုင်နေရတာကလည်း တစ်ဒုက္ခ
လောကဓံနဲ့ အမှန်တရားက အရင် ရင်ကြားစေ့သွားကြတာကလည်း တစ်ဒုက္ခ
အိတ်ပေါက်နဲ့ဖားကောက်သလို ပိတ်မရဆို့မရတဲ့ ကိစ္စကလည်း တစ်ဒုက္ခ
သိမ်းထားတဲ့ နောက်ဆုံးဖဲချပ်ကို ဘယ်တော့ထုတ်သုံးမလဲ ချိန်ဆရတာကလည်း တစ်ဒုက္ခ
ဘလက်ခ်ဟိုးလ်းထဲက ဒုက္ခကတ္တရာအိုးကို မဟူရာဆေးသွားဆိုးချင်မိတာကလည်း တစ်ဒုက္ခ။

ပန်ဒိုရာ


Expand..

Wednesday, December 1, 2010

မြူတွေလိုပဲ လှတော့လှတယ်



ဘ၀ဆိုတာ
ဒီဇင်ဘာရဲ့ အိမ်ပြန်လမ်းစလို
တချိန်လုံးပျောက်ရှနေတာမျိုးတော့
မဖြစ်စေချင်ခဲ့ဘူးပေါ့ကွာ
ဆောင်းတွင်းရောက်တော့လည်း
အနာတွေကယဉ်းလာတတ်တယ်မဟုတ်လား
တနွေလုံး နွေခိုနေခဲ့တဲ့ကောင်
ညဆိုဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့
နှင်းတောထဲသိမ်းမြှုပ်ထားတဲ့ ခြေရာဖွဖွတွေနဲ့
ရွက်ကြွေတွေကြား ဆော့ကစားတတ်တဲ့ကောင်
ဒီနှစ်ကျမယ့် နှင်းတွေလည်း ဖွေးဖွေးစင်နေဦးမှာပဲ
ဆောင်းပင်အိုအကိုင်းတွေက ထွက်ကျလာတဲ့
သစ်ရွက်ဟောင်းတွေလည်း ၀ဲလွင့်နေဦးမှာပဲ
မနက်မနက်ဆို မြင်ကွင်းတွေလည်း မှုန်မှုန်ဝေလို့
ဆောင်းကိုခြယ်သထားတဲ့ အရောင်ဆိုတာ
ငွေ့ရုံလေးငွေ့နေတဲ့ အဖြူရောင်သက်သက်ပါပဲ
နောင်နှစ်နွေဦးရဲ့ ပုရစ်ဖူးကလေးကတော့ မင်းရှေ့မှာ…
ဟိုမှာနေရောင်လာတော့ မြူတွေပါးလျသွားခဲ့ပြီ
ဟိုမှာအချိန်တွေလည်း မိုးတိမ်တွေလိုလွင့်သွားခဲ့ပြီ
ဆောင်းဝတ်ရုံရဲ့ သားမွေးတွေ တချိန်က နူးညံ့ခဲ့တာ
ဆောင်းလက်သည်းစူးစူးတွေလည်း မာကျောလတ်ဆတ်ခဲ့တာ
ထိုးဖောက်စွမ်းတွေနဲ့ ချိုးဖောက်စွမ်းတွေနဲ့
အမှန်တော့ ခြစ်ရှမိရုံ သွေးစို့သွားခဲ့ရုံကလေးပဲပေါ့
ဒဏ်ရာတွေဟာ စိမ့်စိမ့်အေးမြခဲ့ပါရဲ့ ကြောင်ကလေးဝါ၀ါ။

ပန်ဒိုရာ

Expand..

Sunday, November 28, 2010

အနုပညာအကြောင်း အနုပညာ


ဟန်သစ်ငြိမ်၊ ခိုင်စိုးလင်း နဲ့ အပေါင်းပါများ စီစဉ်ကြတဲ့ “အနုပညာအကြောင်း အနုပညာ” ဆိုတဲ့ လျှပ်စာအုပ်ကလေး ထွက်လာပါတယ်။ :)

အနုပညာဆိုတဲ့အရာနဲ့ ပတ်သက်လို့ ထင်မြင်၊ တွေးတော၊ ဖွဲ့နွဲ့ ထားတဲ့ အရေးအသားတွေကို တွေ့ရပါမယ်။ အများစုကတော့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားကြသူတွေရဲ့ စာတွေထဲက စုစည်းထားတာ ဖြစ်ပါတယ်။ ပန်ဒိုရာ ဆွဲပေးထားတဲ့ ပုံတစ်ပုံကို စာအုပ်အဖုံးအဖြစ် ဒီဇိုင်းပြင်ဆင်ထားပါတယ်။ ၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ ပန်ဒိုရာရဲ့ စာတစ်ပုဒ် ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အောက်ပါ လင့်ခ်ကနေ ဒေါင်းလုတ်ဆွဲယူပြီး ရှုစားနိုင်ကြပါကြောင်း ဘလော့ဂ်မိတ်ဆွေ သူတော်စင်အပေါင်းသိစေဖို့ ကြော်ငြာဝင်လိုက်ရပါတယ်။ :)

http://www.mediafire.com/file/5nf7tqlk85mezzg/The%20Art%20On%20The%20Art%20%28Jpeg%29.pdf

Expand..

Monday, November 15, 2010

ဇာတ်ဝင်ခန်းရဲ့အလယ်ဗဟို




တတိတိလျှံကျလာသော သွေးပျက်ဖွယ် တိတ်ဆိတ်မှု
ရှော့ခ်၊ မော်ဒန်၊ ဆာရီယယ်လ်၊ လေနုအေး၊ နှင်းဆီပန်းများ၊ ဟန်ဘာဂါ
ဖွဖွခြေလှမ်းလာရင်း အမြီးဖျားပုတ် တဘုတ်ဘုတ်ဖြင့် အံကြိတ်ရယ်မောသံ
ကင်မရာလက်ကိုင်ဖုန်း၊ အင်တာနက်၊ ကမ္ဘာကျော်ခြင်း၊ ပန်းသီးတံဆိပ်၊ ဟင်းလင်းပြင်နိယာမ
လက်သည်းတွေ သိမ်းဝှက်ထားတဲ့ ပင်လယ်ရဲ့ ညနက်နက်နောက်ခံ
ဂလိုဘယ်အိုင်တီခေတ်၊ အကျိုးစီးပွား၊ ဖြန့်ကားတွေးတောခြင်း၊ လူမှုဘောဂစစ်မျက်နှာ
လရောင်ခြည်က တိမ်ရီရီတွေပေါ် အမြင့်ဆုံး ဖိတ်ဖိတ်တောက်လာချိန်။

ပန်ဒိုရာ
14 Nov 2010

Expand..

Saturday, October 16, 2010

သည်းသည်းထန်ထန် ရွာသွန်းခဲ့တာ အတွေးစတွေမဟုတ်လား



အတွေးတွေက စွေနေလိုက်တာ မနက်ခင်းတစ်ခုလုံး တောက်တောက်ကျနေပြီ။ ရာသီဥတုက ခေါင်းဘက်ကိုပါနေတာ ကြာပြီပဲ။ အင်္ကျီအိပ်ကပ်ထဲက မိုးရေစက်တွေကို အတွေးတွေစင်သွားရင် အအေးမိကုန်မှာစိုးလို့ လက်ဖ၀ါးနဲ့အုပ်မိုးပြီး အပူငွေ့ပေးထားရတယ်။ အက်ကွဲကြောင်းတွေအတိုင်း စီးဆင်းစပြုလာတဲ့ အတွေးတွေအောက်မှာ ပြန့်ကျဲနေတဲ့ မိုးရေတွေကတော့ ခိုက်ခိုက်တုန် ခိုလှုံရာ လိုက်ရှာနေကြရတယ်။ မနေ့တနေ့ကမှ နာလန်ထစ မိုးပေါက်တွေ အတွေးအပူချိန် နိမ့်နိမ့်အောက်မှာ ခံနိုင်ရည်ရှိပါ့မလား။ တခြိမ်းခြိမ်း တွေးသံတွေမှာ ဖျားနာခြင်းစိတ္တဇကလည်း အက်ခိုးရိုက်နေတယ်။ တစ်ချက်တစ်ချက်မှာ လျှပ်ကနဲ ၀င်းကနဲ အတွေးတွေ လက်လက်ခါ နေတယ်။ နဖူးအလယ်က ရေတွက်ရင် ညာဘက်အထက်ယွန်းယွန်း သုံးလက်မခန့် အကွာအဝေး ခေါင်းတွင်းတစ်နေရာကို ဗဟိုပြုပြီး ဦးနှောက်မုန်တိုင်း ဆင်စပြုနေပြီ ဆိုပဲ။။ အတွေးတွေဟာ လေသံတွေနဲ့ မကြာမီ ပူးပေါင်းမိပြီး နှစ်ဆယ့်လေးစက္ကန့်အတွင်း ကက်တဂိုရီ အဆင့်ငါး အကြီးစား ဆိုင်ကလုံးတစ်ခုအဖြစ် ကူးပြောင်းတော့မယ်။ ဒါဟာ တစ်သက်မှာ တစ်ခါ ဆိုသလို မိုးပြိုရတဲ့ အဖြစ်မျိုးပဲ။ မိုးရေစက်များ ကောင်းကင်မြင့်ရာဘက်သို့ အမြန်ဆုံး ရွှေ့ပြောင်းကြပါ။ အတွေးဒဏ်ခံ အဆောက်အဦဟာ သင်နေထိုင်ရာ တိမ်တိုက်နှင့် လေပြင်းတစ်ဝှေ့ အကွာအဝေးမှာ ရှိပါတယ်။ တစ်မီလီမီတာအောက် မိုးရေပေါက်ကလေးများနှင့် သက်တမ်းရင့်ရော်သော တုန်ချိချိ မိုးရေစက်များကို ဦးစားပေးကြပါ။ မကြာခင်မှာပဲ အတွေးတွေက အရှိန်ပြင်းပြင်း တဝေါဝေါ တိုက်ခက်လာတယ်။ မြန်နှုန်းမြင့် အတွေးအုပ်ကြီးကို သဲအိတ်တွေနဲ့ ကာလို့ မရတော့ဘူး။ သင့်အတွေးကြောင့် မိုးရေချိုများ မခါးပါစေနှင့် ဆိုတဲ့ သတိပေး ဆိုင်းဘုတ်ကြီးဟာ အရင်ဆုံး တရှိန်ထိုး ပြိုကျသွားပြီး အတွေးလှိုင်းလုံးတွေ အောက်မှာ ၀ါးမျိုခံလိုက်ရတယ်။ မိုးရေစက်တွေဟာ အတွေးရှိန်အောက်မှာ တလွင့်လွင့်နဲ့ နီးစပ်ရာ ဓါတ်တိုင်/အုန်းပင်ကို ဖက်တက်ကြတယ်။ မြားတွေလို ချွန်မြနေတဲ့ အတွေးကြောင်းတွေက မိုးစက်အတော်များများကို တစစီဖွာထွက်သွားအောင် ခွဲဖြာပစ်ခတ်လိုက်ကြတယ်။ ဒီလိုနဲ့ တွေးတယ် တွေးတယ်။ ဘေးတိုက်တွေးတယ်။ ကန့်လန့်တွေးတယ်။ ဖြန့်ထွက်တွေးတယ်။ ဖောက်ထွက်တွေးတယ်။ တွေးရင် တွေးတယ်လို့မှတ်။ မှတ်ရင် မှတ်တယ်လို့တွေး။ ငါတွေးတယ် ဒါကြောင့် ငါရှိတယ်။ ငါရှိတယ် ဒါကြောင့် ငါတွေးတယ်။ တွေးတယ် တွေးတယ်။ တွေး တွေး တွေး တွေး။ အတွေးတစ်ရာညက်ခန့် ကြာသောအခါ အတွေးများ တဖြည်းဖြည်း စဲစပြုလာပါပြီ။ မကြာမီမှာ ခေါင်းတွင်းပိုင်း ဘယ်ဘက်အရပ်သို့ ရွေ့လျားကာ အရှိန်လျော့ ပျက်ပြယ်သွားမည်ဟု ယူဆရပါကြောင်း။ မသေမပျောက် ရှင်ကျန်ခဲ့သည့် မိုးရေစက်များ သက်ဆိုင်ရာကို အမြန် သတင်းပို့ပါရန်။ သန်းပေါင်း သန်းပေါင်း သန်းပေါင်း သန်းပေါင်း များစွာသော ဒုက္ခသည်မိုးရေစက်များ အတွက် စာနာဝမ်းနည်းမိကြောင်း သတင်းထုတ်ပြန်ချက်များ ဖန်သားပြင်ပေါ်မှာ တစ်ခုပြီးတစ်ခု အလုအယက် ပေါ်လာပြီ။ အတွေးတွေ မှောင်မိုက် အုပ်ဖုံးသွားခဲ့သည့် ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ပတ်စုတ်ပြတ်လို့။ အပျက်အစီး အကျိုးအပဲ့ အကြေအမွများ။ ပက်လက် မှောက်ခုံ ပေါလောပေါ်လာသော မိုးရေသေကောင်များ။ မောလိုက်တာ။ ဆာလိုက်တာ။ ငတ်လိုက်တာ။ ရေ.. ရေ .. ရေ။ အနီးအနားက လက်ကျန်မိုးရေတချို့ကို ကောက်မော့မယ် လုပ်ပြီးမှ တွန့်ဆုတ်မိတယ်။ မိုးရေတွေ အရင်လို ချိုမြသေးရဲ့လား။

ပန်ဒိုရာ

မသက်ဝေက မိုးရွာချိန်အတွေး ရေးဖို့ တက်ဂ်လာလို့ ဆက်ရွာလိုက်တာပါ။

Expand..

Thursday, October 7, 2010

၁၀၀% ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း

ထုံးစံအတိုင်း ဘာညာသာရကာနဲ့ အလုပ်များနေလို့ ဟာရူကီ မူရာကာမိ ဆက်မမိခင်မှာ ကိုညီသစ် ဘာသာပြန်ထားတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ခွင့်တောင်းပြီး တင်လိုက်ပါတယ်။ မူရာကာမိကို ပရိုမိုးရှင်း လုပ်သလိုတော့ ဖြစ်နေပြီ။ ကော်မရှင်လည်း မရရပါဘူး။ လောလောဆယ်တော့ ၂၀၁၀ စာပေနိုဘဲလ်ဆု မူရာကာမိ မရလို့ စိတ်မကောင်းပါဘူးလေး)
------------------


၁၀၀% ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း

လှပတဲ့ ဧပြီလ မနက်ခင်းတစ်ခု၊ တိုကျိုမြို့ရဲ့ ခေတ်မီလှတဲ့ ဟာဂူဂျုကု နားက လမ်းကျဉ်းလေးတစ်ခုမှာ ၁၀၀% ပြီးပြည့်စုံတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော် ဖြတ်လျှောက်သွားခဲ့တယ်။

အမှန်ကို ပြောရမယ်ဆိုရင်တော့ဗျာ သူက ဒီလောက်လည်း ချောချောချောလှလှ မဟုတ်ပါဘူး။ ဘာမှ ထူးထူးခြားခြား ဖြစ်နေတာလည်း မရှိဘူး။ သူ့ ၀တ်စားဆင်ယင်မှုကလည်း ဘာမှ ထူးခြားတာ မရှိဘူး။ သူ့ ခေါင်းနောက်က ဆံပင်တွေတောင် အိပ်ထားတာကြောင့်ထင်တယ် နည်းနည်းတောင် ပုံပျက်လို့။ အသက်ကလည်း ဒီလောက်ကြီး မငယ်ဘူး။ ၃၀ ၀န်းကျင်လောက် ရှိပြီဆိုတော့ ယဉ်ယဉ်ကျေးကျေး ပြောရမယ်ဆိုရင် ကောင်မလေးလို့တောင် မခေါ်သင့်တော့ဘူးပေါ့။ ဒါပေမယ့် ကိုက် ၅၀ အကွာကနေတောင် သူဟာ ကျွန်တော့်အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဆိုတာ သိနေတယ်ဗျာ။ သူ့ကို စမြင်လိုက်ကတည်းက ကျွန်တော့်ရင်ထဲမှာ ၀ုန်းခနဲဖြစ်သွားသလို ကျွန်တော့်ပါးစပ်ကလည်း ကန္တာရလို ခြောက်ကပ်သွားတယ်။

မိန်းကလေးတွေနဲ့ ပတ်သက်ရင် လူတိုင်းမှာ ကိုယ့်အကြိုက်ကိုယ် ရှိတတ်ကြတယ်လေ။ ပြောရမယ်ဆိုရင်ဗျာ၊ ခြေကျင်းဝတ် သွယ်သွယ်လေးတွေကို ကြိုက်တာမျိုး၊ မျက်လုံးပြူးပြူးလေးတွေကို ကြိုက်တာမျိုး၊ လက်ချောင်းသွယ်သွယ်လေးတွေကို ကြိုက်တာမျိုးတို့၊ နောက် ဘာစားစား အချိန်ဆွဲပြီး စားသောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘာကောင်းကွက်မှ မရှိဘဲ ငြိတွယ်နေမိတာမျိုးတို့ပေါ့။ ကျွန်တော့်မှာလည်း ကိုယ်ကြိုက်တဲ့ အချက်တွေ ရှိတာ အသေအချာပေါ့ဗျာ။ တစ်ခါတလေဆို စားသောက်ဆိုင်မှာ ထိုင်နေရင်းနဲ့ ဘေးစားပွဲက မိန်းကလေးတစ်ယောက်ကို သူ့နှာခေါင်းပုံလေးကို သဘောကျမိတာနဲ့ပဲ စိတ်လွတ်လက်လွတ် ငေးမိနေတာမျိုး ဖြစ်ဖူးတယ်။

ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဟာ ကိုယ်စိတ်ကူးထားတဲ့ အချက်တွေ အကုန်လုံးနဲ့တော့ ကိုက်ညီရမယ်လို့တော့ ဇွတ်ပြောလို့မရဘူးဗျ။ ကျွန်တော်က မိန်းကလေးတွေမှာ ကိုယ်ကြိုက်တတ်တဲ့ နှာခေါင်းပုံစံ ရှိတယ်ဆိုပေမယ့် သူ့မှာ အဲလိုနှာခေါင်းမျိုး ရှိမရှိဆိုတာတောင် သေချာ မှတ်မိတော့တာ မဟုတ်ဘူး။ ကျွန်တော် အသေအချာ မှတ်မိနေတာ တစ်ခုကတော့ သူက ထူးထူးခြားခြားကြီး လှပမနေတာပဲ။ ဘယ်လောက် မမိုက်လိုက်လဲဗျာ။

“မနေ့က လမ်းမှာ ၁၀၀ % ပြီးပြည့်စုံတဲ့ မိန်းကလေးကို ငါ ဖြတ်လျှောက်ခဲ့မိတယ်” လို့ ကျွန်တော့် သူငယ်ချင်းကို ပြောမိတယ်။
“ဟုတ်လား။ ချောလားကွ” သူက ပြန်မေးတယ်။
“ဒီလောက်လည်း မဟုတ်ပါဘူး”
“ဒါဆို မင်း အကြိုက်ဖြစ်မှာပေါ့”
“မသိဘူးကွ။ သူနဲ့ ပတ်သက်ပြီး သူ့မျက်လုံးတွေက ဘယ်လို၊ သူ့ရင်သားတွေက ဘယ်လိုဆိုတာ
ငါ ရေရေရာရာ မှတ်မိတာလည်း မရှိပါဘူးကွာ”
“အဆန်းပဲကွ”
“အေး။ ဆန်းတယ်”
“ဒါဆို ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ၊ မင်း သူ့ကို စကားပြောမိလိုက်လား၊ သူ့နောက် လိုက်သွားသေးလား” သူငယ်ချင်းက စိတ်ပျက်စပြုနေပြီဖြစ်တဲ့ လေသံနဲ့ပြောတယ်။
“ဟင့်အင်း။ လမ်းမှာ ဖြတ်လျှောက်မိတာလေးပဲ ရှိတယ်”
သူက အရှေ့ကနေ အနောက်ဘက် လျှောက်လာတာ၊ ကျွန်တော်က အနောက်ဘက်ကနေ အရှေ့ဘက်ကို လျှောက်လာတာ။ ဧပြီ မနက်ခင်းကလည်း တကယ့်ကို သာသာယာယာပဲ။

ကျွန်တော် သူ့ကို စကားတော့ ပြောလိုက်ချင်သေးတာ။ နာရီဝက်လောက်ဆိုရင်ပဲ တော်တော် လုံလောက်နေပြီ။ သူ့အကြောင်းလေးမေး၊ ကိုယ့်အကြောင်းလေး ပြောပေါ့။ ကျွန်တော် သူ့ကို တကယ်ပြောပြချင်တာလည်း ရှိပါတယ်။ ၁၉၈၁ ခုနှစ်ရဲ့ သာယာလှပတဲ့ ဧပြီလ မနက်ခင်းတစ်ခုမှာ ဟာရာဂျုကု က လမ်းသွယ်တစ်ခုမှာ သူနဲ့ကျွန်တော် ဖြတ်လျှောက်မိစေတဲ့ အဖြစ်အပျက်မှာ ကံတရားရဲ့ ဆန်းကြယ်ပုံကို ရှင်းပြလိုက်ချင်တာ။ အဲလိုပြောလိုက်ရင် တစ်ခုခု သေချာတာကတော့ နွေးထွေးတဲ့ လျှို့ဝှက်ချက်ကလေးတွေ ပြည့်နှက်နေမယ် ဆိုတာပါပဲ။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းနေခဲ့တုန်းက လုပ်ခဲ့တဲ့ ရှေးဟောင်းနာရီတစ်လုံးလိုပေါ့။

သူနဲ့ စကားပြောပြီးပြီဆိုရင် ကျွန်တော်တို့ တစ်နေရာရာမှာ နေ့လည်စာ သွားစားတာဖြစ်ဖြစ်၊ ၀ူဒီအယ်လင်ရဲ့ ရုပ်ရှင်ကား သွားကြည့်ဖြစ်ရင်လည်း ကြည့်ဖြစ်မှာပေါ့။ ဟိုတယ်ဘား တစ်ခုကို ၀င်ပြီး ကော့တေး သောက်ရင်လည်း သောက်ဖြစ်မယ်လေ။ နည်းနည်းလေး ကံကောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက် အိပ်ရာထဲမှာ အဆုံးသတ်ရင် အဆုံးသတ်သွားမှာပေါ့။

မမြင်ရတဲ့ ခွန်အားတွေက ကျွန်တော့်နှလုံးသားတံခါးကို လာခေါက်နေတယ်။

ခုဆို သူနဲ့ ကျွန်တော်နဲ့ကြားက အကွာအဝေးက ၁၅ ကိုက်လောက်ပဲ ရှိတော့တယ်။

ကျွန်တော်သူ့ကို ဘယ်လို ချဉ်းကပ်ရမလဲ၊ ဘာပြောရမလဲ။

“မင်္ဂလာမနက်ခင်းပါ။ စကားနည်းနည်းပြောဖို့ နာရီဝက်လောက်များ အချိန်ရနိုင်ပါ့မလား မသိဘူး”

ဒါလည်း မဟုတ်သေးဘူး။ ကျွန်တော့်လေသံက အာမခံအရောင်းသမား လေသံ ဖြစ်နေမယ်။

“တဆိတ်လောက်ဗျာ။ ဒီအနီးနားတစ်ဝိုက်မှာ တစ်ညလုံးဖွင့်တဲ့ အ၀တ်လျှော်ဆိုင်တွေ ရှိမရှိဆိုတာ သိမလားလို့ပါ”

မဟုတ်သေးပြန်ဘူး။ ဒီလိုပြောလည်း အဆီအငေါ် မတည့်လှဘူး။ ကျွန်တော့်လက်ထဲမှာ အ၀တ်လျှော်ဖို့ တစ်ခုတလေတောင် သယ်လာတာ မဟုတ်ဘူး။ ကျွန်တော့်နေရာမှာဆို ဘယ်သူက အဲလိုပြောမှာလဲ။

အမှန်အတိုင်းပြောပြလိုက်ရင်တော့ အလုပ်ဖြစ်လောက်တယ်။
“မင်္ဂလာ မနက်ခင်းပါဗျာ။ မင်းဟာ ကိုယ့်အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ပါ”

မဖြစ်ပြန်ဘူး။ အဲလိုပြောရင်လည်း သူ ယုံမှာ မဟုတ်ဘူး။ ယုံကြည်မယ်ဆိုရင်တောင် သူ ကျွန်တော့်ကို စကားပြောချင်မှာ မဟုတ်ဘူး။ ဆောရီးပဲ ရှင်၊ ကျွန်မက ရှင့်အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေး ဖြစ်ပေမယ့် ရှင်ကတော့ ကျွန်မအတွက် ၁၀၀% ပြည့်စုံတဲ့ ယောက်ျားတစ်ယောက် မဟုတ်ဘူးလို့ ပြောရင် ပြောမှာဗျ။ ဒါ ဖြစ်နိုင်တယ်လေ။ ကျွန်တော်သာ အဲလိုအပြောခံလိုက်ရမယ်ဆိုရင်တော့ တစ်စစီတောင် ဖြစ်သွားနိုင်တယ်။ အဲဒီအဖြစ်ဆိုးကနေ နလန်တောင် ပြန်ထူနိုင်မှာ မဟုတ်ဘူး။ အခု ကျွန်တော့်အသက်က ၃၂ နှစ်။ ရင့်ကျက်လာတာဆိုလို့ အသက်တွေပဲ ရှိတယ်။

ပန်းဆိုင်တစ်ဆိုင်ရှေ့မှာ ကျွန်တော်တို့ ဖြတ်လျှောက်မိတယ်။ သေးငယ်ပြီး နွေးထွေးတဲ့ လေထုလေးက ကျွန်တော့် အရေပြားကို လာထိတယ်။ နိုင်လွန်ကတ္တရာလမ်းက စိုစွတ်လို့။ နှင်းဆီပန်းနံ့လည်း ရတယ်။ သူ့ကို စကားပြောမိဖို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဟန်လို့မရဘူးဖြစ်နေတယ်။ သူက အဖြူရောင် ဆွယ်တာလေး ၀တ်ထားတယ်။ သူ့ ညာဘက်လက်ထဲမှာတော့ တံဆိပ်ခေါင်းမပါတဲ့ စာအိတ် ကြွပ်ကြွပ်ရွရွလေး ကိုင်ထားတယ်။ ဒါဆို သူ တစ်ယောက်ယောက်ဆီ စာရေးထားတာဖြစ်မယ်။ အဲဒီစာအတွက်လည်း တစ်ညလုံး အချိန်ပေးထားပုံပဲ။ ဒီလိုပြောရတာကလည်း သူ့မျက်လုံးတွေထဲမှာ အိပ်ချင်နေတဲ့ အရိပ်အယောင်တွေ မြင်နေရလို့ပါ။ စာအိတ်ထဲမှာ သူ့ရှိသမျှ လျှို့ဝှက်ချက်တွေ အကုန်ရှိနေနိုင်တယ်။

ကျွန်တော် လေးတိလေးကန်နဲ့ ခြေလှမ်းအနည်းငယ်လှမ်းပြီး လှည့်ကြည့်လိုက်တော့ သူဟာ လူအုပ်ထဲမှာ ပျောက်သွားပြီ။

ခုမှပဲ ကျွန်တော်သူ့ကို ဘာပြောသင့်လဲဆိုတာကို သေသေချာချာ သိလိုက်ရတော့တယ်။ ဒါပေမယ့် အချိန်ကြာကြာ ပြောမှတော့ဖြစ်မယ်။ စီကာပတ်ကုံးပြောပြဖို့ ကျွန်တော့်အတွက် အချိန်များများ ယူရမယ်။ ကျွန်တော့်ဆီ ပေါ်ပေါ်လာတဲ့ စိတ်ကူးမှန်သမျှက လက်တွေ့ကို မဆန်ဘူးဗျာ။

ကဲ ကောင်းပြီဗျာ။ “ဟိုး တစ်ခါတုန်းက” လို့ အစချီပြီး “ကြွေကွဲစရာ ဇာတ်လမ်းလေးလို့ မထင်ဘူးလားဟင်” လို့ အဆုံးသတ်ရမယ်ထင်တယ်ဗျ။

တစ်ခါတုန်းက ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် ရှိသတဲ့။ ကောင်လေးက ၁၈ နှစ်။ ကောင်မလေးက ၁၆ နှစ်။ ကောင်ကလေးကလည်း ထူးထူးခြားခြား မချောမောသလို ကောင်မလေးကလည်း ထူးကဲပြီး လှမနေပါဘူး။ သူတို့နှစ်ယောက်ဟာ တခြားသူတွေလိုပဲ သာမန် အထီးကျန်ကောင်လေးနဲ့ သာမန် အထီးကျန် ကောင်မလေးပါ။ ဒါပေမယ့် ကောင်လေးရော ကောင်မလေးပါ နှလုံးသားထဲမှာ အပြည့်အ၀ ယုံကြည်ထားတာက ကမ္ဘာလောက တစ်နေရာမှာ သူတို့အတွက် ၁၀၀% ပြည့်စုံတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ် ဆိုတာပါပဲ။ ဟုတ်တယ်။ အဲလို ထူးခြားဆန်းကြယ်တာမျိုးကို သူတို့ တကယ့်ကို ယုံကြည်ကြတာ။

တစ်နေ့မှာတော့ လမ်းထောင့်တစ်နေရာမှာ သူတို့နှစ်ယောက် ဆုံမိကြတယ်။

“အံ့သြဖို့ ကောင်းလိုက်တာ။ ကိုယ်မင်းကို တစ်ဘ၀လုံး လိုက်ရှာနေခဲ့တာ။ မင်းတော့ ယုံချင်မှ ယုံမယ် မင်းဟာ ကိုယ့်အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေးပါ” လို့ ကောင်လေးက ပြောတယ်။
“ရှင်ကလည်း ကျွန်မအတွက် ၁၀၀% ပြည့်စုံတဲ့ ယောကျာ်းတစ်ယောက်ပါ။ ကျွန်မ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ အသေးစိတ်တွေနဲ့လည်း ကွက်တိပဲ။ အိပ်မက် တစ်ခုလိုပဲနော်” လို့ ကောင်မလေးက ပြောတယ်။

သူတို့နှစ်ယောက်ဟာ ပန်းခြံထဲက ထိုင်ခုံလေးမှာ ထိုင်၊ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားပြီး သူ့အကြောင်းကိုယ့်အကြောင်း နာရီပေါင်းများစွာကြာအောင် ပြောဖြစ်ကြတယ်။ သူတို့နှစ်ယောက်ဟာ အထီးမကျန်တော့ဘူးလေ။ သူတို့နှစ်ယောက်က ကိုယ်စီတောင့်တနေတဲ့ ၁၀၀% ပြည့်စုံတဲ့သူ တွေ့နေကြတာကိုး။ တစ်ယောက်နဲ့တစ်ယောက် ၁၀၀% ပြည့်စုံတဲ့သူမျိုး တွေ့ရတာ ဘယ်လောက်များ အံ့သြဖို့ကောင်းလိုက်လဲ။ အံ့ဖွယ်မှ အကြီးမားဆုံး အံ့ဖွယ်ပါပဲ။

ဒါပေမယ့် သူတို့ စကားထိုင်ပြောနေရင်းနဲ့ အလွန်သေးငယ်တဲ့ သံသယငွေမျှင်လေးက သူတို့နှလုံးသားကိုယ်စီမှာ အမြစ်တွယ်လာတယ်။ လူတစ်ယောက်ရဲ့ အိပ်မက်က လွယ်လွယ်ကူကူပဲ လက်တွေ့ဖြစ်လာတယ်ဆိုတာ အမှန်တကယ် ဟုတ်မှ ဟုတ်ပါရဲ့လားဆိုတဲ့ သံသယလေးပါ။

ဒီလိုနဲ့ သူတို့ စကားပြောနေတာ ခဏလောက် ရပ်သွားတယ်။ ဒီတော့ ကောင်လေးက ကောင်မလေးကို ပြောတယ်။
“ကိုယ်တို့ကိုယ် ကိုယ်တို့ စမ်းသပ်ကြည့်ရအောင်။ တစ်ကြိမ်တည်းပါ။ ကိုယ်တို့နှစ်ယောက်ဟာ ၁၀၀% ပြည့်စုံတဲ့ တကယ့် ချစ်သူတွေဆိုရင် တစ်နေရာရာမှာ တစ်ကြိမ်တစ်ခါ မပျက်မကွက် ပြန်တွေ့ကြမယ်။ တွေ့တယ်ဆိုရင်တော့ ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်အတွက် တစ်ယောက် ၁၀၀% ပြည့်စုံတဲ့ ချစ်သူတွေဆိုတာ သေချာပြီ။ ပြီးရင် ကိုယ်တို့ လက်ထပ်ကြမယ်။ မင်းရော ဘယ်လို သဘောရလဲ”
“အင်း။ ဒါ ကျွန်မတို့ တကယ်လုပ်သင့်တာပဲလေ”

ဒီလိုနဲ့ သူတို့နှစ်ယောက် လမ်းခွဲသွားကြတယ်။ ကောင်မလေးက အရှေ့ဘက်ကို၊ ကောင်လေးက အနောက်ဘက်ကို။

တကယ်တော့ သူတို့နှစ်သဘောတူမိတဲ့ စမ်းသပ်မှုဆိုတာက မရှိမဖြစ် လိုအပ်လှတာတော့ မဟုတ်ပါဘူး။ အဲလိုစမ်းသပ်မှု သူတို့ မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တကယ့်ကို တစ်ယောက်နဲ့တစ်ယောက် ၁၀၀% ပြည့်စုံတဲ့ ချစ်သူတွေ ဖြစ်နေကြလို့ပါပဲ။ သူတို့ ဆုံတွေ့မိတာကိုက အံ့ဖွယ်ပဲလေ။ ဒါပေမယ့် သူတို့အသက်တွေက အဲဒီအချိန်မှာ ငယ်နေသေးတော့ ဒီလောက်လည်း မစဉ်းစားမိခဲ့ကြဘူး။ အေးစက်တဲ့၊ အလေးမထားတဲ့ ကံတရားလှိုင်းတွေက သူတို့နှစ်ယောက်ကို အကြင်နာကင်းမဲ့စွာ ရိုက်ခတ်သွားခဲ့တယ်။

ဆောင်းရာသီ တစ်နေ့မှာတော့ ရာသီအလိုက် ဖြစ်တတ်တဲ့ ကြောက်စရာ ကူးစက်ဖျားနာမှုဒဏ်ကို ခံစားလိုက်ရရှာတယ်။ အဖျားက ပြင်းလွန်းတာကြောင့် သူတို့နှစ်ယောက်စလုံး သေမလိုလို ရှင်မလိုလိုနဲ့ သီတင်းပတ်ပေါင်းများစွာ မျောနေခဲ့ကြပြီး စောစောပိုင်းနှစ်တွေက သူတို့မှတ်ညာဏ်တွေ ထဲမှာ ရှိခဲ့တာတွေလည်း ပျောက်သွားပါလေရော။ သူတို့ နေပြန်ကောင်းလာတဲ့အခါကျတော့ သူတို့ရဲ့ ခေါင်းတွေဟာ ဒီအိတ်ခ်ျလောရင့်စ်ရဲ့ စုဗူးလေးလို ဗလာဟင်းလင်း ဖြစ်နေပြီ။

သူတို့နှစ်ယောက်စလုံးဟာ ထူးချွန်သူတွေ၊ စိတ်ပိုင်းဖြတ်ချက်မှန်တဲ့ လူငယ်တွေ ဖြစ်ပြီး မနားမနေ ကြိုးစားမှုတွေကြောင့် အသိပညာတွေ ပြန်လည်စုဆောင်းမိပြီး လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ပြန်ပြီး လူဝင်ဆံ့တဲ့ အနေအထားအထိတော့ ပြန်ရောက်သွားကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ တကယ့်ကို ထူးချွန်တဲ့သူတွေ ပြန်ဖြစ်လာကြပြီး မြေအောက်ရထား တစ်ဘူတာကနေ တစ်ဘူတာ ပြောင်းစီးနိုင်တဲ့အထိ ပြန်အသိတရားတွေ ရရှိလာကြတယ်။ စာတိုက်မှာသွားပြီး တကယ့်ကို အရေးကြီးတဲ့စာတွေ သွားပို့နိုင်တဲ့အထိ စွမ်းဆောင်လာနိုင်ကြတယ်။ နောက်ဆုံး အချစ်ကိုပါ သူတို့ ခံစား သိရှိနိုင်တဲ့အထိ ဖြစ်လာတယ်။ တစ်ခါတလေတော့လည်း အချစ်ကို ၇၅%၊ ၈၅% အထိ ခံစားတတ်လာတယ်။

တုန်လှုပ်ဖွယ်ရာ အချိန်ရဲ့ မြန်ဆန်မှုနဲ့အတူ မကြာခင်မှာပဲ ကောင်လေးက ၃၂ နှစ် ဖြစ်လာပြီး ကောင်မလေးက ၃၀ အရွယ် ဖြစ်လာကြတယ်။

လှပတဲ့ ဧပြီ မနက်ခင်းမှာ နေ့တစ်နေ့အစအဖြစ် ကော်ဖီသောက်ဖို့ နေရာရှာရင်း ကောင်လေးက အနောက်အရပ်ကနေ အရှေ့ဘက်ကို လမ်းလျှောက်ထွက်လာတယ်။ ကောင်မလေးကလည်း အရေးကြီးတဲ့ စာတစ်စောင်ပို့ဖို့ အရှေ့ဘက်ကနေ အနောက်ဘက်ကို လမ်းလျှောက်ထွက်လာတယ်။ သူတို့နှစ်ယောက် လမ်းလျှောက်ထွက်လာတဲ့နေရာကလည်း တိုကျိုမြို့ရဲ့ ဟာရာဂျုကု ရပ်ကွက်က လမ်းကျဉ်းလေး တစ်ခုတည်းမှာ။ လမ်းလယ်ကောင်မှာ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖြတ်လျှောက်သွားခဲ့ကြတယ်။ သူတို့နှစ်ယောက်ရဲ့ ပျောက်ဆုံးနေတဲ့ အမှတ်ရမှုတွေထဲမှာ မဆိုစလောက်လေး အသီးသီးရင်ခုန်သွားမိတာကတော့ အခိုက်အတန့်လေးပါပဲ။ သူတို့နှစ်ယောက်စလုံးရဲ့ ရင်ဘတ်တွေထဲမှာ ၀ုန်းခနဲ ခဏဖြစ်သွားတယ်။ သူတို့ စိတ်ကိုယ်စီထဲမှာလည်း သိနေကြတယ်။

သူက ငါ့အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေးပါလား။
သူက ငါ့အတွက် ၁၀၀% ပြည့်စုံတဲ့ ကောင်လေးပါလား။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ သတိရမှုတွေက ဒီလောက်ကြီးလည်း မဖွံ့ဖြိုးကြသေးဘူး။ လွန်ခဲ့တဲ့ ၁၄ နှစ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ ပုံဖော်နိုင်စွမ်း မရှိသေးဘူး။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းမှ မဆိုဘဲ လမ်းထဲမှာ ဖြတ်သွားခဲ့ကြတယ်။ နောက် လူအုပ်ထဲမှာ ပျောက်သွားကြတယ်။ ထာဝရ။

ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုလို့ ခင်ဗျား မထင်ဘူးလား။
ဟုတ်ပါတယ်ဗျာ။ တကယ် ၀မ်းနည်းစရာဇာတ်လမ်း တစ်ခုပါ။ ကျွန်တော် သူ့ကို အဲလိုပဲ ပြောလိုက်ရမှာ။



ညီသစ် ဘာသာပြန်သည်။
On Seeing the 100% Perfect Girl by HARUKI MURAKAMI


(ဘာသာပြန်သူ၏ မှတ်ချက်။ ။ ဒီဝတ္ထုကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က “သောင်းပြောင်းထွေလာ ရယ်စရာ” မဂ္ဂဇင်းမှာ ကျွန်တော် ဘာသာပြန်ခဲ့ဖူးတယ်။ အခုအချိန်အထိ စိတ်ထဲမှာ အသစ် ဖြစ်နေတာမို့ ဘာသာပြန်လက်ခံမရှိပေမယ့် ထပ်ပြီး အသစ်ဘာသာပြန်လိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်စာရေးဆရာ Haruki Murakami ဟာ Gabriel Garcia Marquez ပြီးရင် ကျွန်တော်အရမ်းကြိုက်တဲ့ စာရေးဆရာ ဖြစ်နေတာမို့ပါ။)

Expand..

Sunday, October 3, 2010

မှော်အိမ်မက်တွေထဲမှာ မသိစိတ်ကို လိုက်မျှားသူ

Kafka on the Shore အကြောင်းကိုတော့ ဒီနေရာမှာ ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ဟာရူကီ မူရာကာမိရဲ့ အရေးအသားတွေ အတွေးအခေါ်တွေက တကယ့်ကို ထူးခြားဆန်းသစ်ပြီး ဆွဲဆောင်အားကောင်းလှတယ်။ နှစ်သက်မိတဲ့ သူ့ရဲ့ တခြားဝတ္ထုတွေအကြောင်း ဆက်ပြောချင်ပါတယ်။ မပြောခင် မူရာကာမိဟာ စာရေးသားခြင်းကို ဘယ်လိုစီမံခန့်ခွဲသလဲ ဆိုတဲ့အကြောင်းကို အရင် ဝေမျှချင်ပါသေးတယ်။

ပုံ ဒီက


မူရာကာမိ က ၀တ္ထုရှည်(novel) နဲ့ ၀တ္ထုတို (short story)တွေကို တစ်လှည့်စီ ရေးလေ့ရှိတယ်လို့ ဆိုပါတယ်။ Blind Willow, Sleeping Woman ၀တ္ထုတိုပေါင်းချုပ်စာအုပ်ရဲ့ အမှာစာမှာ သူက ပြောထားခဲ့တယ်။ အရှင်းဆုံးပြောပြရရင် ၀တ္ထုရှည် တွေကိုရေးရတာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ၀တ္ထုတို ရေးရတာကတော့ ပျော်ရွှင်မှုပါတဲ့။ ၀တ္ထုရှည်ရေးရတာက တောအုပ်ကို စိုက်ပျိုးရသလိုဆိုရင် ၀တ္ထုတိုကျတော့ ဥယျာဉ်ကို စိုက်ပျိုးရသလိုပါပဲလို့ သူက ဥပမာပေးထားပါတယ်။ အဲဒီဖြစ်စဉ်နှစ်ခုကလည်း တစ်ခုကိုတစ်ခု အပြန်အလှန် ဖြည့်စွက်ပေးနေပြီး နှစ်မျိုးလုံးကို သူ တန်ဖိုးထားပါတယ်တဲ့။ တောအုပ်စိမ်းထဲမှာ လူတွေကို အရိပ်ပေးတဲ့ အပင်တွေနဲ့ ပင်ခြေမှာ ရော်ရွက်ဝါခြောက်တွေနဲ့ သစ်ရွက်တွေကြား ဖြတ်တိုက်လာတဲ့ လေနုအေးနဲ့ တန်ဆာဆင်ထားသလို ပန်းဥယျာဉ်ထဲမှာကျတော့လည်း ပန်းပွင့်တွေ ပျားပိတုန်းတွေနဲ့ ရာသီအပြောင်းကို ဖော်ကျုးပြီး တစ်မျိုး တင့်တယ်နေပြန်တယ်။

မူရာကာမိရဲ့စတိုင်က ၀တ္ထုရှည် ခရီးရှည်ကြီးတစ်ခု ပြီးသွားတိုင်းမှာ ခဏနားတဲ့အနေနဲ့ ၀တ္ထုအတိုတချို့ ရေးပါတယ် တဲ့။ ၀တ္ထုရှည်ရေးနေချိန်မှာ ၀တ္ထုတိုတွေကို ဘယ်တော့မှ ကြားဖောက်မရေးဘူး။ အဲဒီလိုပဲ ၀တ္ထုတိုတွေ ရေးနေချိန်မှာလည်း အတိုတွေကိုပဲ ဆက်တိုက်ရေးသွားတယ် အရှည်ဘက်ကို ဦးမလှည့်ပါဘူး တဲ့။ ၀တ္ထုရှည်နဲ့ ၀တ္ထုတို ရေးတဲ့အခါ လှုပ်ရှားရတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေဟာ မတူပါဘူး တဲ့။ တခါတလေကျတော့ တစ်ဖက်ကနေ တစ်ဖက်ကို ချန်နယ် အကူးအပြောင်းအတွက် အချိန်နည်းနည်း ယူရပါတယ် တဲ့။

တခါတလေကျတော့ သူ့ရဲ့ ၀တ္ထုတိုတွေဟာ ၀တ္ထုရှည်တွေ ရေးဖို့အတွက် ပုံစံငယ် (prototype) လေးတွေ ဖြစ်နေပြန်သတဲ့။ တကယ်ပါပဲ။ သူ့ရဲ့ ၀တ္ထုတိုတချို့မှာ ၀တ္ထုရှည်ထဲက နိဒါန်းလေးဖြစ်ဖြစ် အိုင်ဒီယာလေးဖြစ်ဖြစ် ထင်ဟပ်နေတာတွေ သတိထားမိတယ်။ ဥပမာတစ်ခု ပြောရရင် Blind Willow, Sleeping Woman ထဲမှာပါတဲ့ Firefly ဆိုတဲ့ ၀တ္ထုတိုလေးဟာ သူ့ရဲ့ နာမည်ကျော် Norwegian Wood အငယ်စားလေးလို ဖြစ်နေတာကို ဖတ်မိပါတယ်။

ဝတ္ထုတိုလေးတွေကို ရေးတဲ့အခါမှာ ပျော်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ မြန်မြန်ပြီးတာရယ် အသေးစိတ်လေးတွေကို အနုစိတ် ခြယ်မှုန်းနိုင်တာရယ်ပါ လို့ သူက ဆိုပါသေးတယ်။ သူက တစ်ပတ်လောက် အချိန်ယူရေးရင် တော်ရုံအရည်အသွေးနဲ့ ၀တ္ထုတိုတစ်ပုဒ် အကြမ်းရပြီတဲ့။ နောက်မှတော့ ထပ်ခါထပ်ခါ ပြင်တာပေါ့လေ။ ၀တ္ထုရှည်ကတော့ စိတ်ရောကိုယ်ပါ ပုံအပ် နှစ်မြုပ်ပြီး တစ်နှစ်-နှစ်နှစ်လောက် ချီတက်ရေးသားရတဲ့ မာရသွန်ခရီးရှည်ပါပဲ တဲ့။ ဒါကြောင့် သူက ၀တ္ထုတိုတွေရေးခြင်းဟာ ၀တ္ထုရှည်တွေကြားမှာ ခဏခြားပေးထားတဲ့ လိုအပ်တဲ့ အပြောင်းအလဲလို့လည်း မြင်ပါတယ်တဲ့။

မူရာကာမိရဲ့ အရေးအသားတွေကို မြန်မာပြန် ပုံနှိပ်ထုတ်ဝေထားတာ ရှိမရှိ မသိပါဘူး။ Blind Willow, Sleeping Woman ထဲမှာပဲ ဖတ်ခဲ့ရတဲ့ Ice Man ဆိုတဲ့ ၀တ္ထုတိုလေးကိုတော့ The New Yorker မှာ ဖော်ပြခဲ့တဲ့ လင့်ခ်ကို အင်တာနက်ထဲမှာ ရှာတွေ့တာနဲ့ တေဇာ (လရောင်လမ်း) ကို ပေးပြီး ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ မြည်းစမ်းချင်ရင် ဒီနေရာမှာ ဖတ်ကြည့်လို့ရပါတယ်။


(စိတ်ဝင်စားကြရင် သူ့ဝတ္ထုတွေအကြောင်း မှတ်စုတွေကို မြန်မြန်ဆက်ရေးပါမယ်။ ဒါမှမဟုတ်ရင်တော့ ဖြည်းဖြည်းဆက်ပါမယ်။း))

ပန်ဒိုရာ

Expand..

Wednesday, September 29, 2010

အိုင်ထဲက ကဗျာတွေ

မရှိမဲ့ရှိမဲ့ ခြစ်ခြစ်ခြုတ်ခြုတ် ၀ယ်ထားတဲ့ iPhone လေးမှာ အလကားရတဲ့ application တွေကို ဒေါင်းလုဒ် လုပ်ဖြစ်ပါတယ် (ကြွားတယ်ထင်မှာစိုးလို့ နှိမ့်ချစွာ ပြောဆိုခြင်း)။ သူငယ်ချင်းတစ်ယောက်က The Poetry Foundation က application ရှိတယ်ပြောတော့ ၀မ်းသာအားရ ရှာဖွေပြီး ထည့်ထားလိုက်ပါတယ်။ ရထားပေါ်မှာ ဘတ်စ်ကားပေါ်မှာ အလွယ်တကူ ဖတ်လို့ရတာပေါ့။


ကဗျာတစ်ထောင်ကျော် ပါပါတယ်။ ဘယ်လောက်ကြာရင် တစ်ခါ အသစ်တွေ ထည့်ပေးသလဲတော့ မသိပါဘူး။ စိတ်ဝင်စားမိတာက အဲဒီ ပရိုဂရမ်က ကဗျာတွေကို mood အလိုက်၊ subject အလိုက် အမျိုးအစား ခွဲထားတာကိုပါ။ ကဗျာတွေမှာ tag ထားတာဖြစ်မှာပေါ့။ mood နဲ့ subject ကို တွဲပြီးရှာလို့ရတယ် (ဥပမာ joy (mood) + youth (subject) ဆိုရင် အဲဒီနှစ်ခုနဲ့ ပတ်သက်တဲ့ ကဗျာတွေ ထွက်လာတယ်)။ သတ်သတ်စီလည်း ရှာလို့ရပါတယ်။ mood တွေကတော့ အချင်းချင်း mutually exclusive ဖြစ်ပုံမပေါ်ဘူး။ ဆိုလိုတာက ကဗျာတစ်ပုဒ်တည်းမှာ သူတို့ သတ်မှတ်ထားတဲ့ mood တစ်မျိုးမက tag ထားနိုင်တယ်။

ကဗျာတွေမှာ ဘယ်လို mood မျိုးတွေ အများဆုံး ရေးလေ့ရှိသလဲ။ သူတို့သတ်မှတ်ထားတဲ့ အမျိုးအစားတွေအတိုင်း စာရင်းဇယားလေး လုပ်ကြည့်ပါတယ်။ မလုပ်ခင် biased ဖြစ်နေမှာစိုးလို့ ကဗျာတွေကို သူတို့ ဘယ်လိုရွေးချယ်သလဲဆိုတာကို အကဲခတ်ရအောင် ကဗျာဆရာစာရင်းကို ကြည့်လိုက်တော့ တော်တော်စုံပါတယ်။ John Keats, Robert Browning တို့က စပြီး လတ်တလော Poetry Magazine ထဲမှာပါတဲ့ လက်ရှိခေတ် ကဗျာဆရာတွေ ရေးကြတဲ့ ကဗျာတွေအထိ စုံအောင် ထည့်ထားတာကို တွေ့ရတယ်။ ဒီတော့ sample မှာ random ဖြစ်တယ်လို့ ယူဆရတယ်။ mood အလိုက် subject အလိုက် မျှအောင် အစကတည်းက ရွေးထည့်တာမဟုတ်ဘဲ ကဗျာထည့်ပြီးတော့မှ tag လိုက်တယ်လို့ မှန်းရတယ်။ ကဲ.. ကြည့်ကြည့်ရအောင်။



အပေါ်မှာတွေ့ရတာကတော့ mood အလိုက်ကဗျာတွေပါ။ passion mood နဲ့ ရေးတဲ့ကဗျာတွေက အများဆုံးပဲ။ အပုဒ်ပေါင်း ၄၁၀ ရှိတယ်။ pie chart နဲ့ပြရတာ သိပ်တော့ မတိကျဘူး။ စောစောက ပြောခဲ့သလိုပဲ။ ကဗျာတစ်ပုဒ်မှာ mood တစ်မျိုးမက tag ထားနိုင်တာမို့ ထပ်နေတာတွေ ပါနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် positive mood တွေများသလား negative တွေများသလား ကြည့်ရတာပေါ့။ :)




လက်စနဲ့ subject ကိုလည်း စာရင်းလုပ်ကြည့်ပါတယ်။ အကြောင်းအရာမှာတော့ love က အများဆုံးပဲ။ ဒီမှာ ခွဲထားတဲ့အမျိုးအစားတွေက အကြမ်းဖျဉ်းလောက်ပဲ။ ဘာတွေကို အခြေခံပြီး ခွဲထားလဲဆိုတာကို မသိရပါဘူး။Poetry Foundation website ထဲမှာလောက်တော့ အမျိုးအစားမစုံပါဘူး။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာပါ။

Expand..

Monday, September 27, 2010

ဘန်ဒ၀က်ဂွန် စတားဘတ်ခ်စ်



ဘန်ဒ၀က်ဂွန် စတားဘတ်ခ်စ် (Bandwagon Starbucks)

ငါတို့က ကော်ဖီကိုသောက်တာမဟုတ်ဘူး အက်တမောစဖီးယားကို အမူးသောက်တာ
ကျွန်းကလေး တနံတလျားမှာ စတားဘတ်ခ်စ်ဆိုတာ အာလေးမြို့က အိမ်ဝါ၀ါပဲ
တစ်ခွက်ကို လေးငါးခြောက်ကျပ် ဖဲထရိတ်ဒင်းမဟုတ်လည်း ဘယ်သူက ဂရုစိုက်တာလိုက်လို့
တကျွန်းပို့ခံတွေ မဟုတ်ဘူး ကိုလိုနီလက်သစ်တွေပေါ့ ဟန်လုပ်ပြီး တန်းစီဝယ်ယူစနစ်ထဲ ပစ်ဝင်လိုက်ကြ
ဆေးလိပ်သောက်ချင်တဲ့ကောင်ကြောင့် ၀ရန်တာမှာ အားလုံးထွက်ထွက်ထိုင်ကြရတယ်
မိန်းကလေးတန်မဲ့ အက်စ်ပရက်ဆို နှစ်ခွက်ဆင့်ဆင့် သောက်သူလည်းပါ
အာလူးတွေစားရင်း၊ နေကြာပန်းတွေစိုက်ရင်း၊ ရေးပြီးသမျှတွေ ခုတင်အောက် ထိုးထိုးထည့်ရင်း
အာဘောင်အာရင်းသန်သန် ကော်ဖီရှိန်တွေ တက်တက်လာရင် ၀ါးကနဲရယ်လိုက်ကြ အုံးအုံးကြွက်ကြွက်
ရေထဲကို ထည့်သွားသော အုန်းသီးများ၊ ဘယ်နေရာမှာ အဆုံးသတ်မလဲ ကြက်ဥနဲ့ ကြက်မများ
စစ်မှန်တဲ့ဖရိုဖရဲတိုင်းမှာ စနစ်တခုရှိမရှိ၊ အစင်းအကြောင်းတွေ အပြောက်အမွှမ်းတွေပါမပါ
ယုတ်စွအဆုံး မင်းဖတ်လက်စ စာအုပ်ထဲမှာ ငါမြင်လိုက်တဲ့ စာသားတွေကို မင်းမြင်မမြင်
ကိုင်း အသက်သုံးဆယ်ကျော်မှ မဖြစ်ကြသေးရင် ဘယ်တော့မှ ဖြစ်လာမှာတုန်း စသည်ဖြင့် စသည်ဖြင့်
အဲဒီထဲမှာ တီရှပ်အနက်ရယ်၊ ဂျင်းဘောင်းဘီရယ်၊ လွတ်လပ်လိုအားကြီးစိတ်ရယ်က အတင်းချုပ်နှောင်ထားလို့
ခက်တော့နေပြီ ပေါ့ပေါ့ပါးပါးဖြစ်ဖို့ သတိဆွဲပြီး တကူးတက လွှတ်လွှတ်ချနေတဲ့ကောင်နဲ့
ဒီလောက်ဆိုရပြီလားတဲ့ သူကမေးပြန်တယ် မင်းတို့ကောင်တွေရော နားရွက်ဘယ်တော့ဖြတ်ကြမှာလဲ။

ပန်ဒိုရာ

Expand..

Monday, September 20, 2010

အမှန်တရားက ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်




ချားလ်စ် ဘန်စတိုင်းန် (Charles Bernstein) ရဲ့ Girly Man စာအုပ် ကို ပြန်ဖတ်ဖြစ်တယ်။ The Ballad of the Girly Man ဆိုတဲ့ ကဗျာကို ဘာသာပြန်လိုက်ပါတယ်။ အီရတ်စစ်ပွဲကို ရည်ရွယ်ထားတဲ့ကဗျာပါ။

Girly Men ဒါမှမဟုတ် Girlie Men ဆိုတဲ့ စကားကို ရုပ်ရှင်မင်းသားဟောင်း အာနိုး ဆွာဇန်နက်ဂါ က ၂၀၀၄ ခုနှစ်လောက်က မဲဆွယ်တော့ သူ့ပြိုင်ဘက်တွေကို အဲဒီလိုတင်စားပြီး မိန့်ခွန်းတစ်ခုမှာ ထည့်ပြောခဲ့ဖူးတယ်။

ဆရာတစ်ယောက်ရေးတဲ့ လက်ရာတွေကို တစ်စုတစ်စည်းတည်း ဆက်ဖတ်တဲ့အခါ သူ့သဘောကို ပိုသိစေတယ်။ 9/11 ရယ်၊ အီရတ်စစ်ပွဲရယ်နဲ့ ပတ်သက်ရင် ဘန်စတိုင်းန်ရဲ့ နိုင်ငံရေးအမြင်တွေကို စာထဲမှာ မြင်နေရတယ်။ ဥပမာသေးသေးလေး နှစ်ခုလောက် ယူပြရရင် -

“What are you fighting for?
What are you fighting for?”
(Broken English, Girly Man, page 48)

"War is an excuse for lots of bad antiwar poetry."
(War Stories, Girly Man, page 151)

War Stories ဆိုတဲ့ကဗျာကိုလည်း အချိန်ရရင် ဘာသာပြန်ကြည့်ချင်ပါသေးတယ်။ (ဒီကဗျာတွေကို ဆရာတွေ ဘာသာပြန်ခဲ့ပြီး ဖြစ်ကောင်းဖြစ်မယ်။)
The Ballad of the Girly Man ကို ခံစားဖို့ ခက်ဆစ်အနေနဲ့ (မသိခဲ့ရင်) သိဖို့လိုတာ နည်းနည်းပါတယ်။ ဒါဝင် (Darwin) ကိုတော့ အားလုံးသိပါတယ်။ ဟယ်လီဘာတန် (Halliburton) ဆိုတာကိုတော့ ပြောပြဖို့လိုနိုင်တယ်။ ဟယ်လီဘာတန် က ရေနံ၊ဓာတ်ဆီ၊ဓာတ်ငွေ့ ကုမ္ပဏီကြီးတစ်ခုပါ။

ဘာသာပြန်လိုက်တော့ စကားလုံး အရေးအဖွဲ့ကိုတော့ ခံစားလို့ သိပ်မရတော့ဘူးပေါ့။ ဘန်စတိန်းက သူရှေ့က ရေးခဲ့တဲ့စာတွေနဲ့ ပုံစံအားဖြင့် အတော်ကွဲတဲ့ ဒီကဗျာကို စာအုပ်နောက်ဆုံးမှာ ထည့်ထားတယ်။ ညံ့တဲ့ကဗျာတွေမှာ ကာရန်ယူလေ့ ရှိကြတဲ့ စကားလုံးတွေနဲ့ ရေးထားတာမျိုးကိုလည်း တွေ့ရတယ်။ တမင်လုပ်ထားတယ်လို့ ယူဆရတယ်။

---------------

မိန်းကလေးဆန်သူရဲ့ ဘဲလက် ကဗျာ
(ဖီးလစ် အတွက်)

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

တချိန်ကအဆိုပြုခဲ့တဲ့ ဒီမိုကရေစီတစ်ခုဟာ
တဖန် ပါးလျ ပိတ်ဖုံးခဲ့ပြန်တယ်
အမုန်းနဲ့ အခွံအုပ်ထားဖို့ကို ပိုဆန္ဒရှိတဲ့
ရက်စက်တဲ့ဒီဇိုင်းနဲ့ လူတွေကြောင့်

အရှုပ်အထွေး ဆိုတာ စာ လေး လုံးပါတဲ့ စကားလုံးပဲ
မရှိတာတွေ နဲ့ ရှိတာတွေကိုပဲ ထည့်တွက်ချင်သူတွေအတွက်
ဒါဝင်ရဲ့ အချက်အလက်တွေကို ဆဲရေးသူတွေအတွက်
ဟယ်လီဘာတန်အရပဲ အမှန်တရားကို ကိုးကွယ်ဖို့လေ

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်။

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမသီချင်းကို ဆို
မိန်းကလေးဆန်တဲ့ ထဘီဝတ်ပြီး က တော့

ကဗျာဟာ အကြမ်းဖက်စစ်ပွဲမှာ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး
ဒါပေမယ့် အမှားကိုလည်း အမှားက ဘယ်တော့မှ ပြန်ထောက်ခံမှာ မဟုတ်ဘူး

ငါတို့ မိန်းကလေးဆန်သူတွေဟာ မကြောက်ကြဘူး
မသေချာမှုကိုဖြစ်ဖြစ် အကြောင်းပြချက်ကိုဖြစ်ဖြစ် အပြန်အလှန်မှီခိုနေမှုကိုဖြစ်ဖြစ်
ငါတို့က မတိုက်ခင် စဉ်းစားကြတယ်၊ ပြီးတော့ ထပ်စဉ်းစားကြပြန်တယ်
ငါတို့ကြမ္မာကို နားထောင်ခြင်းတို့၊ အနုပညာတို့၊ အလျှော့ပေးညှိနှိုင်းခြင်းတို့မှာ ကြေညာထားကြတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမလိုမိန်းမရဆန်ပြီး စိတ်ကြီးဝင်လိုက်စမ်းပါ
ငါတို့ဟာ စစ်ပွဲဆီသို့ ငါတို့လမ်း ကို ဘယ်တော့မှ မလိမ်ညာဘူးဆိုတာ

မိန်းကလေးဆန်သူတွေက ခရစ်တော်ကို သတ်ခဲ့ကြတယ်
ဒီတော့ ပလက်တီနမ် ဒီဗွီဒီ က ပြောတယ်
ဂျူးတွေ လူမည်းတွေ ဂေးတွေဟာ
လမ်းကြာင်းမှာ ရပ်နေကြတုန်းပဲတဲ့

စိတ်မကောင်းပါဘူး မင်းတို့ဘုရားသခင်ကို ငါတို့သတ်လိုက်တယ်
ဟိုး.. ရှေးရှေးကတည်းက
ဒါပေမယ့် အီရတ်က စစ်သားအသေ တစ်ယောက်တိုင်းဟာ
အတွင်းမှာရှိတဲ့ ဘုရားသခင်ကို သတ်ကြတာ၊ အဲဒါ မသေသေးတဲ့ ဘုရားသခင်

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမသီချင်းကို ဆို
မိန်းကလေးဆန်တဲ့ ထဘီဝတ်ပြီး က တော့

ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမလိုမိန်းမရဆန်ပြီး စိတ်ကြီးဝင်လိုက်စမ်းပါ
ငါတို့ဟာ စစ်ပွဲဆီသို့ ငါတို့လမ်း ကို ဘယ်တော့မှ မလိမ်ညာဘူးဆိုတာ

ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်
အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်

ချားလ်စ် ဘန်စတိုင်းန်


ပန်ဒိုရာ


Expand..

Friday, September 10, 2010

အမြင်တချို့

ကိုပေါ ဘလော့ဂ်က ပို့စ်မှာလည်း ရေးထားပါတယ်။ စင်္ကာပူမှာ လတ်တလော ပူညံပူညံဖြစ်နေတဲ့ မူဝါဒတချို့နဲ့ ပတ်သက်လို့ ဆရာတစ်ယောက် (အင်္ဂလိပ်စာ နဲ့ ကွန်ပြူတာ ဆရာ) နဲ့ စကားပြောဖြစ်တယ်။ ဆရာပြောပြတဲ့ အိုင်ဒီယာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ့အမြင်တွေက ဗုဒ္ဓဖီလော်ဆော်ဖီ အပါအ၀င် တခြားအတွေးအခေါ် သီအိုရီတွေမှာ ရှိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ဆရာ့ articulation ကတော့ လတ်ဆတ်တယ်လို့ ထင်မိပါတယ်။

ဆရာအောင်သင်း ရေးတဲ့ စာတစ်ပုဒ်မှာ ဖတ်ဖူးခဲ့တယ် ထင်တယ်လို့ ဆရာက ပြောပါတယ်။ သားသမီးတွေရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ပါ။ ကိုယ့်သမီးက သူ့ယောင်္ကျားကို အတင်းနိုင်စားစေရင် ယောင်္ကျားက နွားဖြစ်သွားမယ်။ ဒါဆိုလည်း ကိုယ့်သမီးကလည်း နွားရဲ့မိန်းမ ဖြစ်မှာပဲ။ ကိုယ့်သားက သူ့မိန်းမကို အတင်းဖိနှိပ်ခိုင်းရင်လည်း သူ့မိန်းမက ခွေးမဖြစ်သွားမယ်။ ဒါဆိုရင် ကိုယ့်သားကလည်း ခွေးမရဲ့ယောင်္ကျားဖြစ်မှာပဲ တဲ့။ အဲဒီလို သဘောတစ်ခုပါ။ (စကားတော့ နည်းနည်း ကြမ်းနေမယ်။)

အဲဒီကနေ ဆက်စပ်ပြီး ဆရာက ဥပမာလေးတစ်ခု ပေးပါတယ်။ ဥပမာ - မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုဖို့ စဉ်းစားတယ် ဆိုပါစို့။ ကိုယ်လိုချင်တဲ့ ယောင်္ကျားလေး ကို ဖိအားပေးမယ် အတင်းဇွတ်ယူမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ ဖိအားပေးတိုင်း ယူရတဲ့ ယောင်္ကျားလေး ဆိုရင်လည်း အသုံးမကျ ပျော့ညံ့သူ ဖြစ်မယ်။ ပျော့ညံ့သူကို တသက်လုံး အိမ်ထောင်ဖက်ကြီး တော်ရတော့မယ်။ တကယ်လို့ ပျော့ညံ့သူမဟုတ်ပဲ အရည်အချင်းရှိသူ စိတ်ဓာတ်ခိုင်မာသူက မလွှဲသာလို့ ဖိအားပေးလို့သာ ယူရတယ်ဆိုရင်လည်း သူ့မှာ မကျေနပ်စိတ် ၀င်သွားပြီ။ အဲဒီလို မကျေမချမ်း ဖြစ်နေသူကို ယူလိုက်ရင်ရော တစ်သက်လုံး ပျော်နိုင်မှာတဲ့လား။ ဒါဟာ တစ်နေ့နေ့မှာ ပေါက်ကွဲဖို့ ဖြစ်လာနိုင်တယ်။

နိုင်ငံနဲ့ချီတဲ့ မူဝါဒတွေမှာလည်း ဒီသဘောတရားကို အသုံးချလို့ ရနေဦးမယ်။ မူဝါဒတစ်ခုရဲ့ ရည်ရွယ်ချက်တွေထဲမှာ အကောင်းဆုံး အတော်ဆုံးလူတွေကို လိုချင်တယ် ဆိုတဲ့အချက် ပါတယ် ဆိုပါတော့။ အဲဒီ Strong တွေကို ပိုင်ဆိုင်လာဖို့အတွက် ဖိအားပေးတဲ့ နည်းနဲ့ Force သုံးမယ်ဆိုရင် ဘာဖြစ်မလဲ။ (နားလည်မှု တိုက်ရိုက် ပိုကျအောင် အင်္ဂလိပ်လိုနဲ့ပဲ ညှပ်ပြောပါမယ်။ သည်းခံကြပါ။)

  • Force လုပ်ရင် Strong တွေက ပြန်တိုက်ပါမယ်။ ငြင်းဆန်မယ်။ ဒါဆို သူ့ရည်ရွယ်ချက် မအောင်မြင်ဘူး။ လိုချင်တာရဲ့ ဆန့်ကျင်ဘက်တွေတောင် ဖြစ်လာမယ်။
  • Force လုပ်ရင် တကယ်လို့ Strong က မလွှဲမရှောင်သာတော့လို့ သူ့ကို ရခဲ့ရင်တောင် သူ့မှာ Determined Resistance ပါလာပြီ။ ဒါဟာ ရေရှည်တည်တံ့ sustainable ဖြစ်ပါ့မလား။ Strong ဟာ တနည်းနည်းနဲ့ resist လုပ်မယ်။ မကျေမနပ်ဖြစ်မယ်။ မပျော်ဘူး။ attached ဖြစ်မှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် တချိန်မှာတော့ တနည်းနည်းနဲ့ ပြန်ထွက်သွားမယ်။
  • Force လုပ်ရင် Weak တွေ ကိုပဲနိုင်မယ်။ ဒါဟာလည်း နားလည်နိုင်တဲ့ အမှန်တရားတစ်ခုပါ။ ဒါလည်း သူ့ရည်ရွယ်ချက် မအောင်မြင်ဘူး။ Weak တွေကို သူ လိုချင်လို့လား။

နောက်တစ်ခု စဉ်းစားကြည့်မယ်။ Force မဟုတ်ဘူး။ ဒါပေမယ့် Trick လုပ်မယ် ဆိုပါတော့။

  • Trick လုပ်တာကို ခံရတဲ့လူဆိုတာ Dumb တွေပဲ ဖြစ်ပါတယ်။ Dumb ကိုပဲရမယ်။ Smart တွေကို မရပါဘူး။

  • Trick ရဲ့ သဘောသဘာဝအရ အချိန်တစ်ခုမှာ Dumb က realize ဖြစ်သွားမှာပဲ။ အော်.. လှည့်စားတာပါလား လို့ သိလိုက်တဲ့အချိန်မှာ ပြန် ကန် ပါမယ်။

  • တကယ်လို့ တစ်သက်လုံး realize မဖြစ်တဲ့ Dumb ဆိုရင်လည်း ဒါဟာ တကယ့်ကို Dumb အကြီးစား။ အဲလိုလူမျိုးကိုပဲ ရနိုင်မယ်။

မူဝါဒချမှတ်သူတွေလည်း ဒီလို အကျိုးဆက်တွေကို စဉ်းစားပြီးကောင်း ဖြစ်နိုင်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။

နိဂုံးချုပ်ရရင်တော့ အဲဒီလိုမူဝါဒတစ်ခုမှာ ဖိအားသုံးခြင်း ဒါမှမဟုတ် လှည့်စားခြင်းဟာ ရည်ရွယ်ချက်ကို အောင်မြင်စေမှာ မဟုတ်ဘူး။ မလွှဲသာမရှောင်သာလို့ မဟုတ်ဘဲ တဖက်က တကယ် စိတ်တူကိုယ်တူ ပူးပေါင်းပါဝင်လာတာ၊ အသေအချာ စဉ်းစားသုံးသပ်ပြီးလို့ ကျေကျေနပ်နပ် ပါဝင်လာတာ၊ မိမိရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒအလျောက် ပါဝင်လာတာ၊ အဲဒီအခြေအနေတွေကို အားပေးနိုင်တဲ့ မူဝါဒမျိုးကပဲ ထိရောက်အကျိုးရှိပါမယ်။

ဆရာ့ကို ကျေးဇူးတင်ပါတယ်။ :)


ပန်ဒိုရာ

(မှတ်ချက်ပေးတဲ့အခါ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လိုဆိုရင် အကြောင်းအရာကို တည့်တည့် သိပ်မပြောစေချင်ပါ။ မျှဝေချင်လို့ ဒီပို့စ်ကို ရေးတယ်ဆိုပေမယ့် မလိုအပ်ဘဲ attention တွေ မရချင်လို့ပါ။)

(အထက်က ဆရာအောင်သင်းပြောတယ် လို့ ထင်တဲ့ ဥပမာ ကို ရီတာက ဆရာသော်တာဆွေမှာ ဖတ်ခဲ့ဖူးတယ်လို့ ဖြည့်စွက်သွားပါတယ်။)

Expand..

Monday, August 30, 2010

3l0gDay2010

Blog Day 2010

သြဂုတ်လ ၃၁ ရက် (3108) နေ့ကို ရောက်တော့မယ်။ ဒီနေ့ကိုရောက်တိုင်း 3l0gDay - ဘလော့ဂ်ဒေးကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါတွေ ကျင်းပကြတယ်။ ဘလော့ဂ်အဟောင်းတွေက အသစ်တွေကို ကြိုဆိုမိတ်ဆက်တဲ့အနေနဲ့ ဘလော့ဂ်အသစ် ၅ ခုနဲ့ မိတ်ဆက်ပေးကြလေ့ ရှိပါတယ်။ ပန်ဒိုရာကတော့ တခြားဘလော့ဂ်တွေကို လည်ပတ်သွားလာမှု နည်းပါးတဲ့ ဘလော့ဂ်အသစ်တွေကို အဓိကထား မိတ်ဆက်ပေးချင်ပါတယ်။


http://kyiaye-literature.blogspot.com/

ဆရာမကြီးဒေါ်ကြည်အေးရဲ့ စာပေလက်ရာတွေကို စုစည်းထားတဲ့ ဘလော့ဂ်ပါ။

http://wirahtetnaung.blogspot.com
ဝီရထက်နောင်ရဲ့ It's all about ART ကဗျာဘလော့ဂ်လေးပါ။

http://thatoe99.blogspot.com/
သတိုးရဲ့ စိတ်ကူးအတောင်ပံများ တဲ့။ သြဂုတ်လကမှ စတင်တဲ့ ဘလော့ဂ်လေးတစ်ခုပါ။ဘ၀သရုပ်ဖော် ၀တ္ထုတိုလေးတွေ ရေးထားတာကို တွေ့ရပါတယ်။

http://minsoeyarpoem.blogspot.com/
ပိတောက်ပွင့်သစ်မဂ္ဂဇင်း မှာ "နေကောင်းလားကောင်းကြီး" ဆိုတဲ့ နင့်နင့်နဲနဲ ကဗျာလေးကို ရေးခဲ့တဲ့ မင်းစိုးရာ ရဲ့ "ကျွန်တော့်ကဗျာ ကျွန်တော့်ကမ္ဘာ" ကဗျာဘလော့ဂ်ပါ။ သူကတော့ ဒီနှစ် ဇန်န၀ါရီလလောက်ကတည်းက ဘလော့ဂ်စရေးခဲ့တယ်။

http://turnonideas.blogspot.com/
နေ့စဉ်ဖြတ်သန်းရတဲ့ ဘ၀တွေကို ရိုးရိုးလေး ထင်ဟပ်စေတဲ့ ဘလော့ဂ်လေးပါ။


အခုလို ညွှန်းပြီးတဲ့အခါ ထုံးစံရှိတဲ့အတိုင်း BlogDay web site ကို ဒီလို လင့်ခ် ပေးလိုက်ပါတယ်။ http://www.blogday.org

အားလုံး ပျော်ရွှင်အေးချမ်းစွာ ဘလော့ဂင်းနိုင်ကြပါစေ။ :)

ပန်ဒိုရာ

Expand..

Saturday, August 28, 2010

ကမ္ဘာမြေပေါ်က ကြယ်ပွင့်လေးတွေအကြောင်း

သူဟာ လမ်းဘေးရေမြောင်းထဲက ဒိုက် မှော် ရေညှိတွေ ကြားမှာ ငါးကလေးတွေ လူးလာခေါက်ပြန် ကူးခတ်နေကြတာကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မျက်တောင်မခတ် စူးစမ်းကြည့်နေတယ်။ ကြည့်လိုက်စမ်းလေ… ချစ်စရာ ငါးလေးတွေ လွတ်လွတ်လပ်လပ် ရေကူးနေတာ ….။ သူ့မျက်နှာလေး ပြုံးသထက် ပြုံးလာတယ်။ သူ့စိတ်ကူးတွေက စည်း ဘောင် အကန့်အသတ်တွေကို ဖောက်ထွက်သွားတယ်။ ငါးလေးတွေဟာ ရေကူးတတ်ရုံတင် ဘယ်ကမလဲ။ ပျံတောင် ပျံသန်းနိုင်သေးတာပေါ့။ ပျံနိုင်သမှ ဟိုး.. မိုးပေါ်က တိမ်တွေကြားမှာ.. ငှက်တွေကြားမှာ… ကမ္ဘာကြီးရဲ့ ပြင်ပ အာကာသထဲတောင် ရောက်သွားတယ်လေ။ ငါးလေးတွေဟာ ကြယ်တာရာတွေ လတွေ ဂြိုဟ်တွေနဲ့အတူတူ ပြေးတမ်းလိုက်တမ်း ကစားကြတဲ့အထိပေါ့။ အဲဒီခဏ အတောင်ပံတွေ တလွင့်လွင့်ဖြစ်နေတဲ့ သူ့ရဲ့ စိတ်ကူးတွေကို ဗြုန်းဆို ရပ်တန့်ခံလိုက်ရတယ်။ စာလုံးတွေ ကိန်းဂဏန်းတွေ ကျောင်းစာအုပ်တွေ အလွတ်ကျက်သင်ယူမှုတွေ ပြိုင်ဆိုင်မှုတွေ ပုံစံတကျသပ်ရပ်မှုတွေ အချိန်ဇယားတွေ သတ်မှတ်ချက်တွေ စည်းကမ်းလိုက်နာမှုတွေ……… အိုးးးးးး ဘာတွေလဲ ။



Image from here


Taare Zameen Par ဆိုတဲ့ အိန္ဒိယရုပ်ရှင် ဒီဗွီဒီတစ်ကား ကြည့်ဖြစ်ပါတယ်။ ဒါရိုက်တာ သရုပ်ဆောင် မင်းသား အမီခန်း (Aamir Khan) ရိုက်ကူးထုတ်လုပ်ထားတဲ့ ဘောလိဝုဒ်က ရုပ်ရှင်ပါ။ ၂၀၀၇ ခုနှစ် က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကလေးဘ၀မှာ စာသင်ယူတတ်မြောက်ဖို့ အခက်အခဲရှိနေတဲ့ ကောင်ကလေးတစ်ယောက် အကြောင်းပါ။ အဓိက ဇာတ်လိုက် ဖြစ်တဲ့ ၈ နှစ်အရွယ် ကလေး အိရှန်း (Ishaan Awasthi) အဖြစ် ဒါရှီးလ် ဆဖရေ (Darsheel Safary) က သရုပ်ဆောင်ထားပါတယ်။ အမီခန်း ကိုယ်တိုင်ကတော့ ကျောင်းဆရာတစ်ဦးအဖြစ် ပါဝင်ပံ့ပိုး သရုပ်ဆောင်ထားပါတယ်။

အိရှန်းဟာ စာမေးပွဲ ရှုံးထားတဲ့ မူလတန်းကျောင်းသားလေးပါ။ သူ့မှာ စာတော်တဲ့ အစ်ကိုရယ်၊ စည်းကမ်းကြီး ရည်မှန်းချက်လည်းကြီးတဲ့ ဖေဖေရယ်၊ သူ့ကို သိပ်ချစ်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ မေမေရယ် ရှိပါတယ်။ အိရှန်းက တိရိစ္ဆာန်လေးတွေကို ချစ်တယ်။ ပတ်ဝန်းကျင်ကို စိတ်ဝင်စားတယ်။ သဘာဝတွေကို စူးစမ်းချင်တယ်။ အရောင်တွေ ပုံသဏ္ဍာန်တွေနဲ့ အရုပ်ဆွဲရတာကို နှစ်ခြိုက်တယ်။ အဆော့မက်ပြီး စိတ်ကူးယဉ်တောမှာ မျောနေတတ်သူလေးပေါ့။ အဲဒီလို အကျင့်စရိုက်တွေနဲ့ အိရှန်းဟာ ကျောင်းစာ အိမ်စာတွေကို မှန်မှန်လုပ်ပြီး စည်းကမ်းလိုက်နာ စာကြိုးစားကြတဲ့ သူ့ပတ်ဝန်းကျင်က သာမန်ကလေးတွေနဲ့ ကွဲပြားနေတယ်။

သူဟာ ကျောင်းမှာ စာမလိုက်နိုင်ဘူး။ စာလုံးတွေ ကိန်းဂဏန်းတွေဟာ သူ့မျက်စိရှေ့မှာ ကခုန်ပျံသန်းနေကြတယ်။ သူရေးသမျှ စာလုံးပေါင်းတွေ အကုန်မှားတယ်။ သင်္ချာတွေ မှန်အောင် မတွက်နိုင်ဘူး။ ဆရာတွေ စာရှင်းပြတာကိုလည်း သူ နားမလည်ဘူး။ အတန်းထဲမှာ စာမေးရင်မရဘူး။ လပတ် စာမေးပွဲတွေမှာလည်း ဆိုးဆိုးဝါးဝါး စာမေးပွဲကျတော့ ဆရာတွေက သူ့ကို အထင်သေးတယ်။ သူငယ်ချင်းတွေက လှောင်ပြောင်ကြတယ်။ မိဘတွေကလည်း သားကြီးက စာတော်သလောက် သားငယ် အိရှန်းကျမှ ဘာလို့ ဒီလောက်ညံ့ရသလဲဆိုတာ နားမလည်နိုင်တော့ဘူး။

အဲဒီ့အပြင် သူဟာ သူ့ကို အနိုင်ကျင့်တဲ့ ကလေးတွေနဲ့ ရန်ဖြစ်တာမျိုးလည်း ရှိလာတယ်။ ကျောင်းက စာသင်ကြားပုံကို လုံးဝစိတ်မ၀င်စား မပျော်ပိုက်တော့ဘူး။ တနေ့တော့ သူဟာ ကျောင်းပြေးပြီး လမ်းမတွေပေါ်မှာ လျှောက်သွားဖြစ်ပါတယ်။ မိဘတွေ သိသွားတော့ စိတ်ဆိုးစိတ်ပူကြတယ်။ ဒါနဲ့ပဲ သူ့အဖေက သူ့ကို ပညာသင်နှစ်ဝက်မှာတင် လက်ရှိကျောင်းကနေ ထုတ်ပြီး ကျောင်းအိပ်ကျောင်းစား နေရတဲ့ ယောင်္ကျားလေးဘော်ဒါကျောင်းကို သွားပို့လိုက်တော့တယ်။

အိရှန်းဟာ သူ့မိသားစုနဲ့ တီတီတာတာ ချစ်ချစ်ခင်ခင် သိပ်နေချင်တဲ့ကလေးပါ။ သူ့ကို ဂရုစိုက်တဲ့ အမေကိုတော့ အတွယ်တာဆုံးပေါ့။ သူ့ကို အလိုလိုက်ပေးတတ်တဲ့ သူ့အကိုကိုလည်း ချစ်တယ်။ တည်တည်ကြီးနေတတ်တဲ့ သူ့အဖေကိုလည်း ချစ်တာပါပဲ။ အိမ်နဲ့ခွဲပြီး ဘော်ဒါကျောင်းကို သွားပို့လိုက်တာ သူ့အတွက် ၀မ်းနည်းကြေကွဲစရာ သိပ်ကောင်းတဲ့ အပြစ်ဒဏ်ပေါ့။

ဘော်ဒါကျောင်းမှာ သူ မပျော်ဘူး။ အဲဒီက တင်းကျပ်တဲ့စည်းကမ်းနဲ့ ခေါက်ရိုးကျိုးနေတဲ့ သင်ကြားမှုပုံစံတွေ ရိုက်နှက်အပြစ်ပေးမှုတွေကြားမှာ သူဟာ စိတ်ဒဏ်ရာ ရလာတယ်။ အင်မတန် အထီးကျန်ဆန်ပြီး တိတ်ဆိတ်တဲ့ ကလေးဖြစ်လာတယ်။ အဲဒီကျောင်းမှာ သူ့ကို နားလည် ကြင်နာတတ်တာ ခြေထောက်မသန်တဲ့ သူငယ်ချင်းလေးတစ်ယောက်ပဲ ရှိပါတယ်။

တနေ့တော့ သူတို့ကျောင်းမှာ ပန်းချီဘာသာရပ်သင်တဲ့ ခပ်ဆိုးဆိုးဆရာတစ်ယောက် ပြောင်းသွားတဲ့အခါ ယာယီသင်ပေးဖို့ ဆရာအသစ်တစ်ယောက် ရောက်လာပါတယ်။ ဆရာ့နာမည်ကတော့ ရမ် (Ram Shanka) (မင်းသား အမီခန်း) တဲ့။

ပန်းချီဆရာအသစ်ဟာ အဲဒီကျောင်းမှာ မရှိဖူးတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ချဉ်းကပ်ပုံအသစ်နဲ့မို့ ကလေးတွေကို ပျော်ရွှင်စေပါတယ်။ ဆရာရမ်က ကလေးတွေရဲ့ ဦးနှောက် နဲ့နှလုံးသားကို လွတ်လွတ်လပ်လပ် ဖွင့်ထားဖို့ အားပေးတယ်။ သူများတွေလို မပျော်ဘဲ ပန်းချီဆွဲခိုင်းတာကို မဆွဲဘဲ ထိုင်ပြီးငေးငိုင်နေတဲ့ အိရှန်းကို ဆရာရမ်က သတိထားမိတယ်။

ဆရာရမ်က ကလေးတွေကို ချစ်ခင်ကြင်နာစိတ်နဲ့ ပျိုးထောင်ချင်သူတစ်ဦးပါ။ ဒီကျောင်းကို ရောက်မလာခင် သူစာသင်ပေးတဲ့ ကျောင်းကတော့ ဉာဏ်ရည်မပြည့်တဲ့ ကလေးတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ကျောင်းမှာပါ။ ဆရာရမ်ဟာ အိရှန်းရဲ့ ဘာသာရပ်တိုင်းက လေ့ကျင့်ခန်းစာအုပ်တွေ ကို လိုက်ကြည့်လိုက်တော့ အမှားတွေဗလပွ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကလေးဟာ တဖြည်းဖြည်း စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတာကို ပြန်ထူထောင်နိုင်အောင် ဘယ်လို ကူညီရမလဲလို့ နည်းလမ်းရှာပါတယ်။ အိရှန်းရဲ့ အိမ်အထိသွားပြီး မိဘတွေနဲ့ စကားပြောဆွေးနွေးတယ်။ အိရှန်းအိမ်မှာ အိရှန်း တီတီထွင်ထွင်လုပ်ထားတဲ့ ရုပ်ပုံစာအုပ်နဲ့ တခြား လက်ရာမြောက်တဲ့ ပန်းချီပုံလေးတွေကို တွေ့တော့ သူအံ့သြရတယ်။

ကလေးဟာ ဉာဏ်မမီလို့ စာမလိုက်နိုင်တာမဟုတ်ပဲ dyslexic လို့ခေါ်တဲ့ ပြဿနာကြောင့် စာသင်ယူလို့မရ ဖြစ်နေတဲ့အကြောင်းကို အိရှန်းမိဘတွေကို ရှင်းပြပါတယ်။ အိရှန်းဟာ စာလုံးတွေနဲ့ အဓိပ္ပါယ်တွေကို ဆက်စပ်ဖို့ အခက်အခဲ တွေ့နေတာတွေ၊ တချို့စာလုံးတွေကို အမြဲမှားပြီး ပြောင်းပြန် ရေးလေ့ ရှိနေတာတွေ၊ သူနားမလည်နိုင်တာကို လူကြီးကို ပြောမပြတတ်လို့ ကလန်ကဆန်နဲ့ ဆိုးနေတဲ့ ကလေးတစ်ယောက်ဘ၀ ရောက်နေရတာတွေ ကို ရှင်းပြပါတယ်။ နောက်တော့ ကျောင်းအုပ်ကြီးဆီမှာ အကျိုးအကြောင်းပြော ခွင့်တောင်းပြီး ကလေးကို သီးသန့်အချိန်ယူပြီး စာသင်ပေးပါတယ်။

ငယ်ငယ်က အိရှန်းလိုမျိုး စာသင်ကြားဖို့ အခက်တွေ့ခဲ့ပေမယ့် ကြီးပြင်းလာတဲ့အခါ ကမ္ဘာကျော် ထူးချွန်သူတွေ ဖြစ်သွားကြတဲ့ အိုင်စတိုင်း၊ ပီကာဆို၊ အက်ဒီဆင် အစရှိသူတွေအကြောင်းကို ကလေးအားတက်အောင် ပြောပြပေးတယ်။ ဆရာကိုယ်တိုင်လည်း ငယ်ဘ၀က အဲဒီလိုကြုံခဲ့ဖူးတာကို ပြောပြတော့ အိရှန်းလည်း ပိုအားတက်သွားပါတယ်။ အိရှန်း ထပ်ကာ ထပ်ကာ မှားယွင်းနေတတ်တဲ့ စာလုံးတွေကို အသေအချာ ပြုပြင်သင်ကြားပေးတယ်။ ပန်းချီဝါသနာကို မြှင့်တင်ပေးတယ်။ နောက်ဆုံးတော့ အိရှန်းဟာ စာကောင်းကောင်း ရေးတတ်ဖတ်တတ် သင်္ချာတွေလည်း တွက်ချက်တတ်သွားပြီး ဆရာတွေရော ကျောင်းသားတွေပါ ကျောင်းလုံးကျွတ် ယှဉ်ပြိုင်ကြတဲ့ ပန်းချီပြိုင်ပွဲမှာတောင် ပထမဆု ရသွားပါတော့တယ်။

ဒီဇာတ်ကားဟာ အိန္ဒိယပရိသတ် အများစု နှစ်ခြိုက်လေ့ရှိတဲ့ မင်းသားမင်းသမီး အသားပေး၊ အချစ် အကြမ်း အလွမ်း ဘောလိဝုဒ်ရုပ်ရှင်တွေကနေ တမူခွဲထွက်နေပါတယ်။ အမီခန်းဟာ သူတင်ပြချင်တာတွေကို ပြနိုင်ဖို့အတွက် သူ့အခန်းကဏ္ဍကိုတောင် ဇာတ်လမ်းလိုအပ်ချက်ထက် မပိုစေပဲ ပါဝင်ခဲ့တယ်။ အိန္ဒိယရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း musical လို့ခေါ်တဲ့ သီချင်းနဲ့အကသရုပ်ဖော် တွေ လည်း ပါဝင်ပေမယ့် အဲဒါတွေကိုလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်ညီ ခေတ်မီဆန်းသစ်ထားပါတယ်။ ဒီကားနဲ့ ပတ်သက်လို့ ရုပ်ရှင်ကောင်းမကောင်း ဝေဖန်ချက်ထက် နောက်ကွယ်က တွေးချင်စရာ သုံးသပ်ချင်စရာ အကြောင်းတွေကို ဆက်ပြောချင်ပါတယ်။

အမီခန်းဟာ ပရိသတ်ကို သူတင်ပြချင်တဲ့ အချက်အလက်တွေကို အခုလို ထည့်သွင်းထားခဲ့တယ်။

ဆရာရမ်က အိရှန်းမိဘတွေကို သွားတွေ့တဲ့ အခန်းမှာ အိရှန်းအဖေက ကလေးဟာ ဉာဏ်ရည်မမီ ဖြစ်နေတာလားလို့ မေးပါတယ်။ ဒီတော့ ဆရာရမ်က ကလေးဟာ အသိဉာဏ်ပုံမှန်ရှိတဲ့ ကလေး၊ ခင်ဗျားတို့ကျွန်တော်တို့ထက်တောင် စိတ်ကူးစိတ်သန်း ကောင်းတဲ့ကလေး လို့ ပြောပြီး ကလေးဆွဲထားတဲ့ ပုံတွေကို သက်သေပြတော့ အိရှန်းအဖေက ဒီပုံတွေက ဘာလုပ်ရမှာလဲ၊ ဘာ ပြန်ရမှာမို့လို့လဲ လို့မေးပါတယ်။ ဆရာရမ်က ခင်ဗျားက တခုခု ပြန်ရဖို့ မျှော်လင့်နေသလား လို့မေးတယ်။ ကလေးအဖေက ဟုတ်တယ်လေ ဒါတွေနဲ့ ဘ၀မှာ ဘယ်လိုလုပ် ပြိုင်တိုးနိုင်မှာလဲ။ တသက်လုံး ငါတို့က ကျွေးထားရမှာလား လို့ ပြောတော့ ဆရာရမ် ဆက်ပြောတဲ့ စကားတွေက ဒီလိုပါ။

Out there, it’s a merciless, competitive world where everyone wants to breed toppers and rankers. Everyone wants top scores. Medical, Engineering, Management.. everything less is intolerable.
အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာမှာ လူတိုင်းက ထိပ်တန်းတွေ အကောင်းဆုံးတွေကိုချည်း မွေးချင်ကြတယ်။ စာအတော်ဆုံးတွေပဲ ဖြစ်စေချင်ကြတယ်။ ဆေးပညာ၊ အင်ဂျင်နီယာ၊ စီမံခန့်ခွဲမှုပညာ ဒါမျိုးတွေထက်များ နိမ့်ရင် သည်းမခံနိုင်တော့ဘူး။

Each child has unique skills, capabilities and dreams. But no, everyone’s hell bunt on pulling and stretching to make each finger long. Go ahead, even if the finger breaks.
ကလေးတွေမှာ သူ့ကိုယ်ပိုင် ကျွမ်းကျင်မှုနဲ့ အရည်အသွေးနဲ့ အိပ်မက်တွေ ကိုယ်စီနဲ့ပါ။ ဒါပေမယ့် လူတွေက လက်ချောင်းတစ်ချောင်းစီကို ရှည်အောင် အတင်းဆွဲဆန့်နေသလို ဖြစ်နေကြတယ်။ ဆွဲတယ်… ဆန့်တယ်.. အဲဒီလက်ချောင်း ကျိုးကျိုးကြေကြေပဲ။

အိရှန်းမိဘတွေနဲ့ တွေ့ပြီး ပြန်လာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမလေးကို ပြန်ပြောပြတဲ့အခါ အခုလို မှတ်ချက်ချခဲ့ပါသေးတယ်။

If you fancy racing, breed racehorses not children. Forcing the children to bear the burden of your ambitions….it’s worse than child labour.
ပြိုင်ရဆိုင်ရတာ သိပ်ကြိုက်နေရင် ပြိုင်မြင်းတွေ မွေးကြလေ၊ ကလေးမမွေးနဲ့။ ကိုယ့်ရည်မှန်းချက်တွေ ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို ကလေးအပေါ် ပုံပေးနေတာ ကလေးအလုပ်သမား ခိုင်းတာထက်တောင် ဆိုးသေးတယ်။

မိဘတွေဟာ ကလေးတွေကို တိုးတက်အောင်မြင်စေချင်တဲ့အခါ ကလေးကောင်းစားရေးအတွက် စေတနာ ဆိုတာ ပါဝင်ပေမယ့် ကလေးရဲ့ဆန္ဒတွေ အိပ်မက်တွေထက် ငါဖြစ်စေချင်တာ ငါ့မျှော်လင့်ချက် ငါ့အတွက် အကောင်းဆုံး အတော်ဆုံး ဖြစ်ရမယ် ဆိုတဲ့ ကိုယ့်အတ္တတွေနဲ့ ယှဉ်တွဲနေတတ်တာကို ဒီဇာတ်ကားက ပြောထားပါတယ်။ အိရှန်းရဲ့အစ်ကိုဟာ တင်းနစ်ပြိုင်ပွဲတစ်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ရှုံးသွားတဲ့အခါ နှစ်သိမ့်အားပေးရမယ့်အစား အိရှန်းအဖေက အားမလိုအားမရ မျက်နှာပျက် ဒေါသထွက်နေပုံကို ပြတဲ့အခန်းမှာလည်း ဒါကို ထင်ရှားစေပါတယ်။

ကလေးကို ငါတို့က ဂရုမစိုက်ဘူးလို့ မထင်ပါနဲ့ လို့ အိရှန်းအဖေက ဆရာရမ် ကို ပြောတဲ့ အခန်းတစ်ခန်းလည်း ပါပါတယ်။ ဂရုစိုက်တယ် ဆိုတာနဲ့ ပတ်သက်လို့ ဆရာရမ်က သူ့အမြင်တွေကို ပြောပြပါတယ်။ ကလေးကိုပွေ့ဖက်တာ ကလေးနဲ့အတူ ချစ်ချစ်ခင်ခင်နေထိုင်တာ အားပေးနှစ်သိမ့်တာ ကလေးရဲ့ စိတ်ဝင်စားမှုတွေကို နားလည်တာ .. ဒါတွေကို ပြောပြတော့ ဒါမျိုး တစ်ခါမှ ဂရုတစိုက် မလုပ်ခဲ့ဖူးတဲ့ အိရှန်းအဖေဟာ မျက်နှာပျက်သွားပါတယ။်

စည်းကမ်းမှ စည်းကမ်းဆိုပြီး ချုပ်နှောင်ထားတဲ့ အုပ်ချုပ်မှုတွေဟာ ကလေးတွေရဲ့အသိဉာဏ်ကွန့်မြူးမှု ကို ပိတ်ဆို့စေတယ်။ ကြက်တူရွေးပညာရေးရဲ့ အလွတ်ကျက်စနစ်မှာ ဆရာမှာ-မှာတဲ့အတိုင်း ထပ်တူကျမှ အမှန်လို့ သတ်မှတ် ကြတာဟာ ကလေးတွေရဲ့ ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အသွေးနဲ့ ဖောက်ထွက်တွေးတောမှုတွေကို ဟန့်တားထားတတ်တာကိုလည်း ပြထားပါတယ်။ ဘော်ဒါကျောင်းကို ရောက်တော့ ပထမဆုံး တက်ရတဲ့အတန်းမှာ အိရှန်းဘေးမှာထိုင်တဲ့ ကျောင်းသားလေးကို ဆရာက ကဗျာတစ်ပုဒ် ဖတ်ခိုင်းပြီး အိရှန်းကို အဓိပ္ပါယ် ပြန်ခိုင်းပါတယ်။ အိရှန်းက ကဗျာကို သူနားလည်မိသလို ပြန်ပြောပြတာဟာ စကားလုံး မလှပေမယ့် ကဗျာရဲ့ တကယ့်အနှစ်သာရကို ထင်ဟပ်နေပါတယ်။ ဒါပေမယ့်လည်း ဆရာက လှောင်ပြောင်ရယ်မောပြီး သူသင်ထားတဲ့အတိုင်း ကဗျာရဲ့အပေါ်ယံ အဓိပ္ပါယ်ကိုပဲ သွက်သွက်လက်လက် ပြန်ပြောတတ်တဲ့ ကျောင်းသားတစ်ယောက်ကို ချီးကျုးလိုက်ပါတယ်။ ဒါမျိုးတွေဟာ အိရှန်းလို ကလေးမျိုးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ပြီး ကိုယ်ရည်ကိုယ်သွေးကိုလည်း ကျဆင်းစေပါတယ်။

ကမ္ဘာကျော် တီထွင်သူတွေ အတတ်ပညာရှင် အနုပညာရှင်တွေထဲက တချို့ဟာ ငယ်ငယ်က စာသင်ခန်းမှာ တခြားကလေးတွေလို စာသင်ကြားလို့မရပဲ အခက်အခဲတွေ ရှိတတ်ကြတဲ့အကြောင်းကို ဆရာရမ်က ရှင်းပြခဲ့ပါတယ်။ သူတို့ဘာလို့ အဲဒီလိုဖြစ်ရသလဲ။ သူတို့မှာ သာမန် အများသူငါနဲ့ မတူတဲ့ ထူးခြားတဲ့ ကိုယ်ပိုင်အမြင်တွေ ရှိနေကြလို့ပဲ လို့ ဆိုပါတယ်။ ဒါဟာ ညံ့တယ် တုံးတယ်လို့ အလွယ်တကူ သတ်မှတ်လိုက်မယ့်အစား မတူညီတဲ့ ကလေးတစ်ယောက်ချင်းအတွက် ပြဿနာတွေရဲ့ ရင်းမြစ်ကို မိဘတွေ ဆရာတွေ နားလည်လာစေဖို့ မီးမောင်းထိုးပြထားတာပါ။ တကယ်တော့လည်း လူအများသတ်မှတ်ထားတဲ့ စည်းဘောင်တွေအတိုင်းပဲ ရေစီးကြောင်းတစ်ခုထဲမှာ အားလုံးက လိုက်မျောနေကြရင်တော့ ထိုးထွင်းတီထွင်မှုတွေဟာ ဘယ်လိုလုပ် ပွင့်လန်းလာတော့မှာလဲ။

အခုလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမြင်တွေကို ဝေမျှပြောရတဲ့အခါ ကိုယ့်အနေနဲ့ကတော့ မိဘတစ်ယောက် ဖြစ်မလာသေးတဲ့အတွက် ကလေးကို ဖြစ်မြောက်စေချင်စိတ်နဲ့ အခက်တွေ့ရတဲ့ ဒွိဟအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ စာနာနားလည်မှု အပြည့်အ၀မရှိနိုင်ဘူး လို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်။ ကိုယ်တိုင် မိဘဖြစ်လာတဲ့အခါ ဒါမျိုးတွေကို သတိတရနဲ့ ဆင်ခြင်နိုင်ဖို့ ကြိုးစားရမှာပါ။

ဒီရုပ်ရှင်ဟာ ဆုတွေလည်း ရခဲ့ပါတယ်။ ဟောလိဝုဒ် ဒစ်စနေက ပြန်ဝယ်ပြီး Like Stars on Earth ဆိုတဲ့ နာမည်နဲ့ ထပ်ဖြန့်ချိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းက ကိုယ်တိုင်အတွက်လည်း ဖြတ်သန်းခဲ့ရတဲ့ စနစ်တစ်ခုနဲ့ ကြီးပြင်းခဲ့ရတဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံတွေကို သတိရစေပါတယ်။ ကလေးဇာတ်လိုက်လေးနဲ့မို့ တချို့က ကလေးတွေကြည့်ဖို့ ရုပ်ရှင်လို့ ထင်ကောင်းထင်မယ်။ ကလေးတွေအတွက် ဆိုတာထက် မိဘတွေအတွက်လို့ ပြောချင်ပါတယ်။ လက်ရှိ သားသမီး ရှိသူတွေရော မိဘဖြစ်လာဖို့ စီမံကိန်းရှိသူတွေပါ ကြည့်သင့်တဲ့ကားပါ။ မတူကွဲပြားတဲ့ အိပ်မက်ကိုယ်စီနဲ့ ကလေးတိုင်းဟာ အထူးစပါယ်ရှယ်တွေချည်းပါပဲ တဲ့။


ပန်ဒိုရာ

(Youtube မှာ အဲဒီရုပ်ရှင်ကို တွေ့ထားတယ်။ အပိုင်း ၁၇ ပိုင်း ခွဲတင်ထားတယ်။ စာတန်းထိုးတော့ မပါဘူး။ စင်္ကာပူမှာတော့ Esplanade Library က DVD ငှားလို့ရပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ဖို့ ညွှန်းပေးတဲ့ မိတ်ဆွေတစ်ယောက်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။)

Expand..

Tuesday, August 24, 2010

The Horizontal Rule



The Horizontal Rule

အကန့်အသတ်ဟာ ပေါလောမျောပါသွားတယ်
ခြေထောက်တွေ အထက်အောက် မရွေ့ဘဲ
အမြင်အာရုံက မရပ်မနား လိုက်ပြေးနိုင်ခဲ့
အုပ်မိုးလွှမ်းခြုံခြင်းဖြင့် ကျေးဇူးပြုတယ်
ခင်းကျင်းထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုတယ်
အဲဒီ အလွှာနှစ်ထပ်အလယ်မှာ
မြေကိုကျောခင်း မိုးနဲ့မျက်နှာချင်းဆိုင်ရင်း
ငါ သင်ယူနေတာပေါ့
အဆုံးအစမဲ့ အလျားချင်း
ရေပြင်ညီ ယှဉ်လိုက်ကြရုံနဲ့
အပြိုင်မျဉ်းတွေလို့ ပညတ်စရာ မလိုအပ်တဲ့အကြောင်း။

ပန်ဒိုရာ

Expand..

Sunday, August 22, 2010

ကဗျာရေးတဲ့လက် - ၃


အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမီခိုင်း (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာ စစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင် ရိုးရှင်းသလောက် လေးနက်တဲ့ အနက်အဓိပ္ပါယ်တွေကို ဆောင်နေတယ်လို့ ဆိုကြပါတယ်။ သူ့ကို နိုဘဲလ်ဆုချီးမြှင့်ဖို့တောင် အကြံပြုခံခဲ့ရတယ်လို့လည်း မှတ်သားမိပါတယ်။ ခံစားမိတဲ့ ကဗျာတွေထဲက ကဗျာတိုနှစ်ပုဒ်ကို ဘာသာပြန်ကြည့်လိုက်ပါတယ်။


ဂျေရုဆလင်


မြို့ဟောင်းကြီးရဲ့ အိမ်ခေါင်မိုးတစ်ခုမှာ
ညနေစောင်းရဲ့ နေရာင်အောက် လှမ်းထားတဲ့အ၀တ်တွေ
(ဟိုမှာ) ငါ့ရန်သူမိန်းမဟစ်ယောက်ရဲ့ အ၀တ်ဖြူစ
(ဒါက) ငါ့ရန်သူယောင်္ကျားတစ်ယောက်ရဲ့ မျက်နှာသုတ်ပုဝါ
သူ့မျက်ခုံးပေါ်က ချွေးတွေကို သုတ်ဖို့ဖြစ်မှာ။

မြို့ဟောင်းကြီးရဲ့ကောင်းကင်မှာ
စွန်တစ်စင်း
စွန်ကြိုးရဲ့ အခြားတဖက်အဆုံးမှာက
ကလေးတစ်ယောက်
ငါ မမြင်နိုင်ပါဘူး
နံရံက ကာဆီးထားလို့လေ။

ငါတို့ အလံတွေအများကြီးလွှင့်တင်ကြတယ်
သူတို့ အလံတွေအများကြီးလွှင့်တင်ကြတယ်
သူတို့ပျော်နေတယ်လို့ ငါတို့ထင်အောင်
ငါတို့ပျော်နေတယ်လို့ သူတို့ထင်အောင်…။

ရာဟူဒါ အမီခိုင်း

--------------------

မတိုင်မီ

ဂိတ်တံခါး ပိတ်မသွားမီ
နောက်ဆုံးမေးခွန်း မေးမလာမီ
ငါ့ကို မပြောင်းရွှေ့လိုက်ကြမီ
ဥယျာဉ်တွေကို ပေါင်းမြက်တွေ လွှမ်းမသွားမီ
ခွင့်လွှတ်ခြင်းတွေ ကုန်ခန်းမသွားမီ
ကွန်ကရစ်တွေ မာကျောမလာမီ
ပုလွေရဲ့ သံစဉ်ပေါက်တွေအားလုံးကို မပိတ်လိုက်မီ
အရာဝတ္ထုတွေကို ဗီရိုထဲ သော့ခတ် မသိမ်းလိုက်မီ
စည်းမျဉ်းတွေကို ရှာဖွေ့တွေ့ရှိမသွားမီ
အဆုံးသတ်နိဂုံးကို မကြံစည်နိုင်မီ
ဘုရားသခင်က သူ့လက်တွေကို မရုတ်သိမ်းလိုက်မီ
ငါတို့မှာ ရပ်တည်စရာနေရာ လုံးဝမရှိတော့တဲ့ အချိန်မတိုင်မီ။

ရာဟူဒါ အမီခိုင်း


ရည်ညွှန်း။
The Selected Poetry of Yehuda Amichai, translated by Chana Bloch and Stephen Mitchell

ပန်ဒိုရာ

Expand..

Thursday, August 19, 2010

ကမ်းခြေက ကက်ဖ်ကာနဲ့ တွေ့ဆုံခြင်း



အခုရက်ပိုင်းတွေမှာတော့ အားလပ်ချိန်လေးတွေမှာ စာမရေးဖြစ်ဘဲ စာဖတ်ဖြစ်တာ များပါတယ်။ သူငယ်ချင်းတစ်ယောက် ညွှန်းလို့ ဂျပန်စာရေးဆရာ ဟာရူကီ မူရာကာမီ (Haruki Murakami) ရေးတဲ့ ၀တ္ထုစာအုပ်တွေကို ကိုင်ဖြစ်ပါတယ်။ ပို့စ်မော်ဒန် လက်ရာတွေထဲမှာ ထင်ရှားတဲ့ ဟာရူကီမူရာကာမီဟာ လက်ရှိမှာ အသက် ၆၁ နှစ် ရှိပြီး စာတွေ ဆက်လက်ရေးသားဆဲပါ။ သူရေးတဲ့ ၀တ္ထုရှည်တွေထဲက ၂၀၀၂ ခုနှစ်မှာ ဂျပန်ဘာသာနဲ့ ပုံနှိပ်ခဲ့ပြီး၂၀၀၅ ခုနှစ်မှာ Philip Gabriel ဘာသာပြန်ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ Kafka on the shore ဆိုတဲ့ စာအုပ်ကို အရင်ဖတ်ဖြစ်ပါတယ်။

ကက်ဖ်ကာ (Kafka) လို့ပြောလိုက်ရင် နှစ်ဆယ်ရာစုရဲ့ ထင်ရှားတဲ့ စာရေးဆရာ Franz Kafka ကို သတိရကြမှာပါ။ ကျော်ကြားတဲ့ ၀တ္ထုတွေဖြစ်တဲ့ The Tiral တို့ The Castle တို့ဆိုတာ မြန်မာပရိသတ် အတော်များများနဲ့ ရင်းနှီးပြီးသားပါ။ ကက်ဖ်ကာ တာမူရ ဆိုတာကတော့ မူရာကာမီရဲ့ ၀တ္ထုထဲက ဇာတ်လိုက်လေးရဲ့ နာမည်ဖြစ်ပါတယ်။

ဒီဝတ္ထုမှာ အရေးပါတဲ့ နောက်ခံပုံပြင်တစ်ခုကတော့ Oedipus Complex ဆိုတဲ့ သီအိုရီတစ်ခု ဖြစ်တယ်။ အောဒီပတ်စ် (Oedipus) ဆိုတာက ဂရိဒဏ္ဍာရီတွေထဲက ဇာတ်ကောင်တစ်ကောင်ပါ။ အောဒီပတ်စ် က သူ့အဖေကို သတ်ပြီးတော့ သူ့အမေနဲ့လက်ထပ်ခဲ့တယ် လို့ ပုံပြင်ထဲမှာ ပါပါတယ်။ ကလေးဘ၀မှာ အမေကို မိန်းမတစ်ယောက်အဖြစ် သဘောထား ခင်တွယ်ပြီး အဖေကို မုန်းချင်တဲ့ စိတ်အခြေအနေ ခေတ္တ ပေါ်လာတတ်တာကို Oedipus Complex လို့ ဆေးပညာမှာ ခေါ်ဝေါ်လေ့ရှိတယ်လို့လည်း ကြားဖူးပါတယ်။

Kafka on the shore ၀တ္ထုအကြောင်းကို ပြောရရင် ဇာတ်လမ်းနဲ့တင် မလုံလောက်ပါဘူး။ ဇာတ်လမ်းဇာတ်ကွက်တွေက အရေးပါတာ မှန်ပေမယ့် စာရေးဆရာရဲ့ တင်ပြပုံနဲ့ သိမ်းဝှက်ထားတဲ့ ပဟေဠိဆန်ဆန် အတွေးအခေါ်တွေက ဒီဝတ္ထုရဲ့ အဓိကအချက်တွေပါ။ ဆာရီယယ်ဆန်တဲ့ ပို့စ်မော်ဒန် ၀တ္ထုတစ်ပုဒ်မို့ သမားရိုးကျ ဇာတ်လမ်းတွေလို မဟုတ်ပါဘူး။ သဘာဝထက် လွန်ကဲတဲ့ ဖြစ်ရပ်တွေ အတွေးအခေါ်ကို အခြေပြုတဲ့ ဇာတ်ကွက်တွေ အများကြီး ပါပါတယ်။ အခုလို မှတ်စုလေး ရေးမိတဲ့ အကြောင်းရင်းမှာ ဒီစာအုပ်ကို တခြားဘာသာစကား အတော်များများမှာ ဘာသာပြန်ခဲ့ကြတယ် ဆိုပေမယ့် မြန်မာနိုင်ငံ အနေအထားနဲ့တော့ တစ်ယောက်ယောက်က မြန်မာလို ဘာသာပြန် ထုတ်ဝေဖို့ မဖြစ်နိုင်ဘူးလို့ ထင်မိတာလည်း ပါပါတယ်။ ဇာတ်လမ်းရဲ့ အဓိကကျောရိုး အကြောင်းအရာနဲ့ တင်စားမှုတွေဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ အတွေးအခေါ်တွေနဲ့ အများကြီး ပဋိပက္ခ ဖြစ်နေနိုင်ပါတယ်။

မူရာကာမီရဲ့ ရေးဟန်စတိုင်ဖြစ်တဲ့ ဖြစ်ရပ်နှစ်ခုကို အပြိုင်တင်ပြခြင်း ကို ဒီဝတ္ထုမှာ တွေ့ရမယ်။ တစ်ခုကတော့ ဇာတ်လိုက်ဖြစ်တဲ့ အသက် ၁၅နှစ် အရွယ်ဖြစ်တဲ့ ကက်ဖ်ကာတာမူရ ဆိုတဲ့ လူငယ်လေး အိမ်ကထွက်ပြေးတဲ့ အကြောင်းပါ။ နောက်တစ်ခုကတော့ ကြောင်တွေနဲ့ စကားပြောတတ်တဲ့ နာကာတာဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ အကြောင်း။ အဲဒီအကြောင်းအရာ နှစ်ခုကို တစ်လှည့်စီ ဖော်ပြထားပြီး နောက်ပိုင်းမှာ ခပ်ပါးပါး ဆက်စပ်ပေးသွားပါတယ်။

ဇာတ်လမ်းအဖွင့်မှာ ကျီးကန်းလို့အမည်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ၁၅နှစ်သား ကက်ဖ်ကာတို့ စကားပြောနေဟန်နဲ့ စထားပါတယ်။ ကျီးကန်းက ကက်ဖ်ကာ အိမ်ကထွက်ပြေးမယ့် အစီအစဉ်မှာ အကြံပေးနေပါတယ်။ ကက်ဖ်ကာ ဟာ တိုကျိုမှာ နေတယ်။ တနေ့မှာ သူ့အဖေကို သတ်ပြီး သူ့အမေ သူ့အစ်မနဲ့ အတူနေလိမ့်မယ် လို့ သူ့အဖေကိုယ်တိုင်က နိမိတ်ဖတ် ကျိန်စာတိုက်ထားတာကို ငယ်ငယ်ကတည်းက ခံရတယ်။ အတူနေ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုတော့ နောက်မှ သူသိခဲ့တာပါ။ သူ့ကိုမမွေးခင် အချိန်တွေက မွေးစားထားတဲ့ အစ်မတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ လေးနှစ်သားလောက်မှာ သူ့အမေဟာ အဲဒီအစ်မကို ခေါ်ပြီး အိမ်ကဆင်းသွားတယ်။ အဲဒီအမေနာမည်နဲ့ အစ်မနာမည်ကိုတောင် သူမသိခဲ့ဘူး။ သူ့ကိုကျောင်းအပ်တော့ အဖေနာမည် တစ်ခုတည်းနဲ့ပဲ အပ်ခဲ့တယ်။ သူ့အဖေ ကြိုနိမိတ်ဖတ်ခဲ့တဲ့ ကျိန်စာဟာ သူ့နှလုံးသားထဲမှာ စွဲနေတယ်။ သူ့အဖေကိုလည်း သူမုန်းတယ်။ အသက် ၁၅ နှစ်သား ရောက်တဲ့အခါ သူ့အဖေကို ထားပြီး အိမ်ကနေ ထွက်ပြေးခဲ့တယ်။ လမ်းမှာ သူ့အစ်မအရွယ် ဆာကူရာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ခင်မင်သိကျွမ်းခဲ့တယ်။ နောက်တော့ တခြားမြို့တစ်မြို့ကို ရောက်သွားတယ်။

တနေ့မှာ သူဟာ သတိလစ်သလိုဖြစ်သွားပြီး သတိရလာတော့ လက်မှာ သွေးတွေပေကျံလို့ သူမသိတဲ့ လမ်းဘေးတစ်နေရာကို ရောက်နေခဲ့တယ်။ သူ့အဖေ ဟောကိန်း ထုတ်ထားခဲ့သလို သူ့အဖေကို သူသတ်မိသလားလို့ တွေးလိုက်မိတယ်။ သူ့ကိုယ်သူ မသေချာဘူး။ ဒီမြို့ကနေ ဒီလောက် အချိန်တိုတိုလေးမှာ တိုကျိုကို ပြန်သွားပြီး သူ့အဖေကို သွားသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူဟာ အိပ်မက်ထဲမှာ သူ့အဖေကို သွားသတ်မိသလားလို့ သံသယဖြစ်မိတယ်။ အဲဒီညမှာ သူနဲ့ လမ်းမှာတွေ့ခဲ့တဲ့ ဆာကူရာ ဆီကို ဖုန်းဆက်ပြီး ရောက်သွားတယ်။ ဆာကူရာက သူ့အိမ်မှာ ကက်ဖ်ကာ နေချင်ရင် နေလို့ရတဲ့အကြောင်း ကမ်းလှမ်းပေမယ့် ကက်ဖ်ကာက နောက်တနေ့ မနက်မှာ ပြန်ထွက်လာခဲ့တယ်။ နောက်တော့ သူ့အဖေ အသတ်ခံရတယ် ဆိုတဲ့သတင်းကို ကြားရတယ်။ သူဟာ ဇဝေဇ၀ါဖြစ်နေခဲ့တယ်။

နောက်တော့ ပုဂ္ဂလိက စာကြည့်တိုက်တစ်ခုမှာ နေတယ်။ စာကြည့်တိုက်ဝန်ထမ်း အိုရှီးမားက သူ့ကို စာကြည့်တိုက်အကူ အဖြစ် အလုပ်ပေးထားတယ်။ သူ့ကို စာကြည့်တိုက်ထဲက အခန်းတစ်ခန်းထဲမှာ နေစရာပေးတော့ ထူးခြားတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့ရတယ်။ ပန်းချီကားထဲမှာ ရေးထားတာ ကမ်းခြေတနေရာက လူငယ်တစ်ယောက်ပုံပါ။ နောက်တော့ မစ်စ်ဆေကီ လို့အမည်ရတဲ့ စာကြည့်တိုက် အုပ်ချုပ်သူ အမျိုးသမီးကြီးနဲ့ တွေ့တယ်။ မစ်စ်ဆေကီအကြောင်းကို အိုရှီးမားက ပြောပြတယ်။ မစ်စ်ဆေကီက တချိန်က Kafka on the shore လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို ဓာတ်ပြားထုတ်ခဲ့ပြီး နာမည်ကျော်ခဲ့တယ်တဲ့။ သူ့ချစ်သူဟာ အသက်ငယ်ငယ်နဲ့ ဆုံးပါးပြီးတဲ့နောက် မစ်စ်ဆာကီဟာ ပျော်စရာတွေ ပျောက်ဆုံးသွားခဲ့တယ်။ မြို့ကနေ အချိန်အတော်ကြာ ပျောက်သွားပြီးမှ ပြန်ရောက်လာတယ်တဲ့။ ကက်ဖ်ကာ့ အခန်းထဲက ပန်းချီကားထဲက ကောင်လေးပုံဟာ မစ်စ်ဆေကီရဲ့ ချစ်သူဟောင်း ဖြစ်နိုင်တယ် တဲ့။

ကက်ဖ်ကာက အဲဒီအမျိုးသမီးကြီးကို သူ့အမေဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ယူဆနေမိတယ်။ သူ့အဖေ ရှေ့ဖြစ်ဟောခဲ့တာတွေ မှန်လာတော့မလားလို့လည်း စွဲလန်းနေတယ်။ ညဘက်ရောက်တော့ သူအိပ်နေတုန်း သရဲခြောက်သလို ခံစားရတယ်။ အသက် ၁၅ နှစ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက်က သူ့ခုတင်ပေါ်မှာထိုင်ပြီး ပန်းချီကားကို ငေးကြည့်နေသတဲ့။ သေသေချာချာကြည့်တော့ အဲဒီမိန်းကလေးဟာ မစ်စ်ဆာကီကိုယ်တိုင်ရဲ့ ၁၅ နှစ်အရွယ်ဖြစ်နေတယ်။ ကက်ဖ်ကာက အဲဒီမိန်းကလေးကို ကြိုက်သွားမိတယ်။ အဲဒီ သရဲက သူ့အခန်းကို နေ့တိုင်းလာတယ်။ လူတွေဟာ အသက်ရှင်နေပေမယ့်လည်း အချိန်ပိုင်းတစ်ခုမှာ တစ္ဆေသရဲ ဖြစ်ချင်ရင် ဖြစ်နေနိုင်ကြောင်း အိုရှီးမားနဲ့ ဆွေးနွေးဖြစ်တယ်။ နောက်တော့ အမျိုးသမီးကြီး မစ်စ်ဆေကီနဲ့ ကက်ဖ်ကာဟာ တကယ့်ကို ဇာတ်လမ်းဖြစ်သွားခဲ့ကြတယ်။



နာကာတာ ဟာ ဉာဏ် ရည်မမြင့်ဘူး။ စာမတတ်တဲ့ အဖိုးကြီး တစ်ယောက်ပါ။ တိုကျိုမြို့မှာ နေထိုင်ပါတယ်။ သူဟာ ကလေးဘ၀က ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု အောက်မှာ အိမ်ကနေ ပျောက်ဆုံးသွားဖူးတယ်။ သူ့ကို ပြန်တွေ့တဲ့ အချိန်မှာ သူ့ရဲ့မှတ်ဉာဏ် တွေ အကုန်ပျောက်သွားတယ်။ သူ့ကို စာသင်ပေးလို့လည်း မရတော့ဘူး။ ဒီလိုနဲ့ အသက်ကြီးလာပြီး မိဘတွေလည်း ဆုံးပါးသွားတော့ တစ်ယောက်တည်းပဲ နေပါတယ်။ သစ်သားနဲ့လုပ်တဲ့ ပရိဘောဂဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ ခေတ်တွေပြောင်းသွားတော့ လူတွေက အဲဒီလိုပရိဘောဂတွေ သိပ်မလုပ်ကြတဲ့အချိန်မှာ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ သူက ကြောင်တွေနဲ့ စကားပြောတတ်တော့ ကြောင်ပျောက်တဲ့လူတွေအတွက် ကြောင်လိုက်ရှာပေးတဲ့ အလုပ်လုပ်ပါတယ်။ သူ့သွေးချင်းတွေက သူ့ကို အသေအချာ မထောက်ပံ့တဲ့အတွက် မြို့တော်ဝန်က ပေးထားတဲ့ ထောက်ပံ့ကြေးနဲ့ပဲ နေထိုင်ပါတယ်။

တနေ့တော့ သူ့ဆီကို ထူးဆန်းတဲ့ လူတစ်ယောက် ရောက်လာတယ်။ ဦးထုတ်ရှည်နဲ့ ကုတ်အကျီနဲ့နဲ့။ သူ့ကိုယ်သူ ကြောင်သတ်သမားလို့ပြောတယ်။ ကြောင်တွေရဲ့ ၀ိညာဉ်ကနေ ပုလွေလုပ်မလို့လို့ ပြောတယ်။ သူ့နာမည်က ဂျော်နီဝါကား တဲ့။ ဂျော်နီဝါကားက နာကာတာကို သူ့ကိုသတ်ပေးဖို့ပြောတယ်။ နာကာတာက မသတ်ရဲဘူး။ ဒီတော့ ဂျော်နီဝါကားက ကြောင်တွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ပြပါတယ်။ ဒီတော့ နာကာတာလည်း မနေနိုင်ပဲ ဂျော်နီဝါကားကို မီးဖိုချောင်က ဓားနဲ့ ထိုးသတ်လိုက်တယ်။

နောက်တော့ နာကာတာက ရဲတစ်ယောက်ကို သူ လူသတ်လိုက်တဲ့အကြောင်း သတင်းသွားပို့ပါတယ်။ ရဲက မယုံဘူး။ သေသေချာချာ မှတ်တမ်းယူမထားဘူး။ အဘိုးကြီးက စိတ်မနှံ့လို့ ပြောနေတယ်လို့ပဲ ထင်တယ်။ နာကာတာက ပြန်ခါနီးမှာ ရဲကိုပြောခဲ့တယ်။ နောက်တရက်နှစ်ရက်မှာ ငါးမိုးရွာလိမ့်မယ်တဲ့။ နောက် တစ်ရက်နှစ်ရက်ကြာတော့ တကယ်ကိုပဲ ငါးမိုးရွာပါတယ်။ ရဲလည်း အံ့သြနေတယ်။ ဒါဆို အဘိုးကြီး တကယ်လူသတ်ခဲ့သလား ဇဝေဇ၀ါဖြစ်သွားတယ်။ နောက်တော့ လူသေအလောင်းတစ်ခုကို တွေ့ကြပါတယ်။ တိုကျိုက ထင်ရှားတဲ့ ပန်းပုဆရာ တစ်ယောက် ကို မီးဖိုချောင်က ဓားနဲ့ထိုးသတ်ခံရတာ ဖြစ်နေတယ်။ နောက်တော့ သက်ဆိုင်ရာတွေဟာ နာတာကာ က ရဲတစ်ယောက်ကို လူသတ်မိကြောင်း လာဝန်ခံထားတာကို သိသွားကြတယ်။ နာကာတာကို လိုက်ရှာကြတယ်။ အဲဒီအချိန်မှာ အဘိုးကြီး နာကာတာကတော့ မြို့မှာမရှိတော့ဘူး။ အဝေးတနေရာကို ခရီးထွက်သွားပြီ။



နာကာတာဟာ ကားကြုံတွေ တစ်စီးပြီး တစ်စီး စီးပြီး ခရီးထွက်ခဲ့တယ်။ သူ့မှာ လုပ်ငန်းတစ်ခု ပြီးဆုံးအောင် လုပ်စရာရှိတယ်လို့ ဆိုပါတယ်။ နောက်ဆုံးသူ့ကို ကားကြုံတင်ခေါ်တဲ့ ကားမောင်းသမား ဟိုရှီနို ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ သူ့ခရီးကို ဆုံးခန်းတိုင်အောင် ဆက်သွားခဲ့တယ်။ ဟိုရှီနိုက သူ့ကို ကူညီတယ်။ အရာရာကို နေသားတကျပြန်ဖြစ်အောင် လုပ်ပေးရမယ့် ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံးကို ကူရှာပေးတယ်။ ပြီးတော့ နာတာက တောင်းဆိုတဲ့အတိုင်း အဲဒီကျောက်တုံးနဲ့ တစ်ခုခုကို တံခါးဖွင့်ပေးခဲ့တယ်။ ဒီကြားထဲမှာ လူသတ်မှုအတွက် ရဲတွေက အဘိုးကြီးကို လိုက်ရှာကြလို့ ပြေးနေရပါတယ်။ နောက်ဆုံးတော့ စာကြည့်တိုက်ကို ရောက်သွားကြတယ်။ မစ်စ် ဆေကီနဲ့ နာတာကာတို့ တွေ့ကြတယ်။ သူတို့နှစ်ယောက်တွေ့တဲ့အခါ သူတို့ ဘာဆက်လုပ်ရမယ်ဆိုတာ သိသွားကြတယ်။

အဲဒီအချိန်မှာ ကက်ဖ်ကာကတော့ စာကြည့်တိုက်မှာ မရှိတော့ဘူး။ သူ့အဖေသေဆုံးသွားတဲ့အတွက် ရဲတွေက အနီးဆုံးဆွေမျိုးဖြစ်တဲ့ သူ့ကို လိုက်ရှာနေကြတယ်။ အသက်မပြည့်ခင် အိမ်က ထွက်ပြေးသွားခဲ့တာမို့ အိမ်ပြန်ပို့မှာစိုးလို့ အိုရှီးမားက သူ့ကို တောထဲကို ခေါ်ပြီး ၀ှက်ပေးထားပါတယ်။

မစ်စ်ဆေကီက နာကာတာကို သူတသက်လုံးရေးပြီး သိမ်းထားတဲ့ မှတ်တမ်းစာရွက်ထုတ်ကြီးကို ပေးလိုက်တယ်။ သူ့ရဲ့ အမှတ်တရတွေအားလုံးကို ဖျောက်ဖျက်လိုက်ပါတော့မယ် တဲ့။ ဘယ်သူ့ကိုမှ မဖတ်စေဘဲ မီးရှို့ပေးပါလို့ အကူအညီတောင်းတယ်။ မစ်စ်ဆေကီ ခိုင်းတဲ့အတိုင်း လုပ်ပေးပြီး နောက်နေ့မှာ နာကာတာဟာ မနိုးသော အိပ်စက်ခြင်းနဲ့ သေဆုံးသွားတယ်။ နောက်တနေ့မှာ မစ်စ်ဆေကီကလည်း စာကြည့်စားပွဲပေါ်မှာ သေဆုံးနေတာကို အိုရှီးမားက တွေ့လိုက်ရတယ်။ သူ့ပန်းချီကားလေးကို ကက်ဖ်ကာကို အပြီးပေးလိုက်ပါလို့ စာရေးမှာထားခဲ့တယ်။

ကက်ဖ်ကာဟာ တောထဲမှာ ပုန်းနေရင်း သူနဲ့ တစ်ခါကတွေ့ခဲ့တဲ့ ဆာကူရာ ဆိုတဲ့ မိန်းကလေးကို အိပ်မက်ထဲမှာ ပြစ်မှားမိတယ်။ ဆာကူရာသာ သူ့အစ်မဖြစ်ခဲ့ရင် သူ့အဖေ ကျိန်ထားသလို သူ့အစ်မကို သူပြစ်မှားမိပြီလို့ တွေးမိတယ်။ နောက်တော့ တောနက်ထဲ လျှောက်သွားရင်း ထူးဆန်းတဲ့ တစ်နေရာကို ရောက်သွားခဲ့တယ်။ အဲဒီမှာ အစောင့်အကြပ်တွေ ရှိတယ်။ အဲဒီက လူတွေက အစာမစားကြဘူး။ သူ့ကို စောင့်ရှောက်ပေးတဲ့ ၁၅နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့လည်း တွေ့တယ်။ မစ်စ်ဆေကီ ကိုလည်း အဲဒီမှာ တွေ့တယ်။ မစ်စ်ဆေကီက သူ့ကို လာရာလမ်းကို ပြန်သွားဖို့ပြောတယ်။ ဒါနဲ့ ကက်ဖ်ကာဟာ တောနက်ထဲကို ၀င်လာခဲ့တဲ့ တံခါးပေါက်တစ်ခုဆီကို အတင်းပြန်ပြေးပြီး လွတ်မြောက်လာခဲ့တယ်။

နိဂုံးမှာတော့ နာကာတာကို ကူညီခဲ့တဲ့ ကားမောင်းသမား ဟိုရှီနိုဟာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ သူတစ်ခုခုကို ကူဖွင့်ပေးခဲ့တဲ့ ကျောက်တုံးနဲ့ အဲဒီတစ်ခုခုကို ပြန်ပိတ်ပေးဖို့ နည်းလမ်းရှာတွေ့ခဲ့တယ်။ သူဟာ ကြောင်တွေနဲ့ စကားပြောနိုင်တဲ့ စွမ်းရည်ကိုလည်း ရခဲ့တယ်။

ကက်ဖ်ကာကတော့ စာကြည့်တိုက်ကို ပြန်ရောက်သွားတဲ့အခါ မစ်စ်ဆေကီ သေဆုံးပြီးတာကို သိရပါတယ်။ အိုရှီးမားကို နှုတ်ဆက်ပြီး တိုကျိုမြို့ကို ပြန်ဖို့ပြင်ပါတယ်။ သူ့မြို့ကို ပြန်ရောက်သွားရင် ပညာရေးပြီးဆုံးအောင် ကျောင်းဆက်တက်ရဦးမယ်လို့ပြောတယ်။ အိပ်ပျော်ပြီးတဲ့အခါ နိုးထရစမြဲ။ မင်းဟာ ကမ္ဘာအသစ်တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီလို့ ကက်ဖ်ကာကို ကျီးကန်းဆိုတဲ့ ကောင်လေးက ပြောလိုက်ဟန်နဲ့ အဆုံးသတ်ထားပါတယ်။

ဒီဇာတ်လမ်းအစအဆုံးကို အခုလိုပြန်ပြောပြဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ တွေ့မြင်မိတာလေးတွေကို အဓိက ပြောပြချင်တာပါ။ ဒါပေမယ့်လည်း ဇာတ်ကြောင်း အကြမ်းဖျဉ်း မသိဘဲနဲ့ဆိုရင် တော်တော်ရှုပ်ထွေးမှာစိုးလို့ အခုလို ရှည်ရှည်လျားလျား ပြောပြဖြစ်သွားတယ်။ ဒီဝတ္ထုဟာ ဇာတ်လမ်းအနေနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်စိတ်နဲ့ တစ်ရွက်ပြီးတစ်ရွက် ဆက်လှန်ဖတ်ဖြစ်မယ့် စာအုပ်ဖြစ်သလို ဇာတ်ကြောင်းရဲ့ အလှည့်လေးတွေတိုင်းမှာလည်း စာဖတ်သူကို တွေးစေချင်တဲ့ သဲလွန်စလေးတွေကို ချန်ထားခဲ့တယ် လို့ခံစားမိပါတယ်။ ဒါကြောင့် ဇာတ်ကြောင်းပြန်မှာ နည်းနည်း အသေးစိတ်သွားခဲ့တယ်။

အင်္ဂလိပ်လို ဘာသာပြန်သူက အတိအကျ ပြန်ထားတယ်လို့ ယူဆရရင် သတိထားမိတဲ့ အချက်တစ်ချက်ကတော့ တင်ပြပုံမှာ ကက်ဖ်ကာအကြောင်း ပြောတဲ့ အခန်းတွေမှာ ကက်ဖ်ကာကို ပထမနာမ်စား (ငါ) အနေနဲ့ သုံးနှုန်းထားပြီး အဲဒီအခန်းတွေမှာပဲ တချို့ ဖြစ်ရပ်တွေကျတော့ ချက်ချင်းဆိုသလို ဒုတိယနာမ်စား (မင်း) အနေနဲ့ ပြောင်းလဲလိုက်တယ်။ ဒုတိယနာမ်စားဖြစ်သွားတဲ့ စာသားတွေကို ထင်ရှားအောင် အမဲရောင် လုပ်ထားပါတယ်။ ကက်ဖ်ကာက ကိုယ့်ကိုယ်ကို ငါလို့ သုံးနေရင်းက မင်းလို့ပြောင်းသွားတဲ့အချိန်တွေဟာ ကျီးကန်းလို့ခေါ်တဲ့ ကောင်လေးက ကက်ဖ်ကာကို ပြောလိုက်တဲ့ စကားတွေနဲ့လည်း အများအားဖြင့် တဆက်တစပ်တည်း ဖြစ်နေပါတယ်။

ဖတ်နေရင်း အတော်လေးရောက်တော့မှ ကျီးကန်းလို့ခေါ်တဲ့ ကောင်လေး ဆိုတာဟာ ကက်ဖ်ကာကိုယ်တိုင်ပဲ ဆိုတာကို သဘောပေါက်လာရတယ်။ မသိစိတ်နဲ့ သိစိတ် ဒါမှမဟုတ် လူ့စိတ်ရဲ့ အားပြိုင်နေတဲ့ စရိုက်နှစ်မျိုးကို တင်စားထားတယ်လို့ ယူဆရတယ်။ ကက်ဖ်ကာ ဆိုတဲ့ နာမည်ကိုက မူရင်း ချက်ဘာသာစကားနဲ့ဆိုရင် ကျီးကန်းလို့ အဓိပ္ပါယ်ရတယ်ဆိုတာကိုတော့ နောက်မှ သိရတာပါ။ ကျီးကန်းဆိုတဲ့ ကောင်လေးရဲ့စရိုက်မှာ ပိုပြီးရဲဝံ့တာ ပြတ်သားတာ ညွှန်ကြားချက်ပေးတာတွေကို ပြပြီး ကက်ဖ်ကာရဲ့ ပင်ကိုယ်မှာတော့ သာမန် ၁၅နှစ်သား ကောင်လေးတစ်ယောက် အနေနဲ့ပဲ ပြထားပါတယ်။ တစ်ခန်းကျော်တွေမှာ နာကာတာရဲ့ အကြောင်းကို ပြောတဲ့နေရာမှာတော့ တတိယနာမ်စား (သူ) အနေနဲ့ပဲ သုံးထားတယ်။ နောက်တစ်ခု သတိပြုမိတာက ကက်ဖ်ကာအကြောင်းက ၀ါကျတွေမှာ ပစ္စုပ္ပါန်ကာလ (present tense) ကိုသုံးပြီး နာကာတာ အခန်းတွေမှာ အတိတ်ကာလ (past tense) ကိုသုံးတယ်။

ကွဲပြားနေတဲ့ စရိုက်တွေရဲ့ အားပြိုင်မှုကို ဆက်တွေ့ရတာတွေ အတော်များပါတယ်။ နာကာတာကို သရုပ်ဖော်တဲ့အခါမှာ အတိတ် မှတ်ဉာဏ် (memories) လို့ မရှိသူ လို့ဆိုပါတယ်။ နာကာတာက သူ့ကိုယ်သူ ဘာမှမရှိတဲ့ ဟောင်းလောင်းလူလို့တောင် တင်စားပြောလိုက်သေးတယ်။ သူနဲ့ ဆန့်ကျင်စွာပဲ ငယ်ချစ်ဟောင်းကို မေ့မရတဲ့ မစ်စ်ဆေကီကတော့ အတိတ်ရဲ့ အရိပ်တွေ (memories) နဲ့ ပဲ တချိန်လုံး ဖိစီးလေးလံနေခဲ့တယ်။ သူ့ရဲ့ အတိတ်တွေကို နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ လွှတ်ချလိုက်ရတယ်။ အဲဒီအချိန်မှာ သူလည်း သေဆုံးသွားတော့တယ်။

မစ်စ် ဆေကီက အတိတ်နဲ့ ဖိစီးလေးလံနေစဉ်မှာ ကက်ဖ်ကာကတော့ ကြိုတင်ဟောထားတဲ့ ဂရိပုံပြင်ဆန်ဆန် အနာဂတ်ကနေ ထွက်ပြေးဖို့ ကြိုးစားရင်း တည့်တည့်ဝင်တိုးခဲ့သူ ဖြစ်နေပြန်တယ်။ သူ့အဖေကို အိပ်မက်ထဲမှာ သတ်မိတယ် လို့ သူထင်နေတယ်။ သူ့အစ်မလို့ ယူဆရသူကိုလည်း အိပ်မက်ထဲမှာ ပြစ်မှားခဲ့တယ်။ သူ့အမေလို့ ယူဆရတဲ့ မစ်စ်ဆေကီနဲ့တော့ တကယ်အပြင်မှာကို ဇာတ်လမ်းဖြစ်ခဲ့တယ်။ နိမိတ်ဖတ်တဲ့အတိုင်း အားလုံး ဖြစ်လာခဲ့တယ် လို့ ယူဆရင်တော့ အိမ်မက်ထဲက အားထုတ်မှု ကြံစည်မှုတွေဟာလည်း အပြင်က တကယ်လုပ်ရပ်တွေလိုပဲ တူညီတဲ့ သက်ရောက်မှုရှိတယ်လို့ ပြောချင်တာဖြစ်ကောင်းဖြစ်မယ်။

အပြင်မှာ သက်ရှိထင်ရှား ရှိနေသူ မစ်စ် ဆေကီရဲ့ ၁၅နှစ်သမီး ၀ိညာဉ်က ကက်ဖ်ကာနေတဲ့ အခန်းမှာ ညတိုင်း တစ္ဆေလာခြောက်တယ်လို့ ဆိုပါတယ်။ ကက်ဖ်ကာဟာ မစ်စ်ဆေကီကို စတွေ့လိုက်တဲ့အချိန်မှာ မစ်စ်ဆေကီရဲ့ ကိုယ်ခန္ဓာထဲမှာ ၁၅နှစ်သမီးလေး အိပ်ပျော်နေတာကို သုံးဘက်မြင်ရုပ်ကြွလို သေသေချာချာ မြင်ရတယ်လို့လည်း ပါပါတယ်။ မစ်စ်ဆေကီ တစ်ယောက်တည်းရဲ့ သိစိတ်မှာ လက်ရှိအရွယ်ဖြစ်ပြီး မသိစိတ်ထဲမှာ အတိတ်က ၁၅နှစ်သမီးလေး ကျန်ရစ်နေတာကို တင်စားထားပုံ ပေါ်တယ်။ မစ်စ်ဆေကီဟာ သူ့အမေဖြစ်နိုင်လား ဆိုတာကို ကက်ဖ်ကာက မေးတော့ မစ်စ်ဆေကီက မဖြေခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကက်ဖ်ကာကတော့ မစ်စ်ဆေကီရဲ့ ၁၅နှစ်အရွယ်ကိုရော လက်ရှိအရွယ်ကိုပါ နှစ်ယောက်စလုံးကို စွဲလမ်းသွားမိတယ်။

နာကာတာ သတ်ခဲ့တဲ့ ဂျော်နီဝါကားဆိုတဲ့ ကြောင်သတ်သမားဟာ ကက်ဖ်ကာရဲ့အဖေ လို့ ထင်မြင်နိုင်စရာတွေ အများကြီး ဆက်စပ်ပေးထားခဲ့တယ်။ နာကာတာက မစ်စ်ဆေကီကို တွေ့တဲ့အခန်း ရောက်တော့မှ နာကာတာဟာ ကက်ဖ်ကာကိုယ်စား သူ့အဖေကို သတ်ပေးခဲ့တယ်လို့ ပြောပြတာကိုလည်း တွေ့ရပါတယ်။ ကက်ဖ်ကာ့အဖေက ဘယ်လိုလုပ်ပြီး ဂျော်နီဝါကား ဖြစ်သွားရတာလဲ။ မစ်စ်ဆေကီဟာ သူ့အမေလား။ ဆာကူရာဟာ သူ့မွေးစားအစ်မလား။ ဒါတွေကတော့ အဖြေပေးမထားတဲ့ ပဟေဠိတွေပါ။

နာကာတာ ဟာ စာမတတ်တဲ့အတွက် ဉာဏ်ရည် မမြင့်ဘူးလို့ ခံယူထားပြီး လူတွေ တွေ့တိုင်း အဲဒါကို ပြောပြလေ့ရှိတယ်။ ဒါပေမယ့် သူက သာမန်လူတွေမလုပ်နိုင်တဲ့ ကြောင်နဲ့ စကားပြောတတ်ပြီး ငါးမိုးရွာမှာကိုလည်း ခန့်မှန်းတတ်သူဖြစ်နေတယ်။ နောက်အခန်းတွေမှာ ပါလာသေးတဲ့ မျှော့မိုးရွာတာတို့ မိုးကြိုးမုန်တိုင်းတိုက်တာတို့ဟာလည်း သူကပဲလုပ်လိုက်သယောင် ပြထားခဲ့ပြန်ပါတယ်။ တစ်ခုခုကို လိုက်ရှာနေတဲ့ နာကာတာဟာ မစ်စ်ဆေကီကို တွေ့အပြီးမှာ သူ့တာဝန်တွေပြီးဆုံးပြီ ဆိုပြီး သေဆုံးသွားခဲ့တယ်။ သူနဲ့ မစ်စ်ဆေကီ ဘယ်လိုပတ်သက်တာလဲ။ ပြောမထားခဲ့ပါဘူး။ အဓိက ဇာတ်လိုက်နှစ်ဦးဖြစ်တဲ့ နာကာတာနဲ့ ကက်ဖ်ကာဟာလည်း ဇာတ်လမ်းဆုံးချိန်အထိ တစ်ယောက်နဲ့ တစ်ယောက် တွေ့မသွားခဲ့ဘူး။ တစ်ဖက်ကလည်း နာကာတာဟာ ကက်ဖ်ကာပဲလား။ ကက်ဖ်ကာရဲ့ အစိတ်အပိုင်းနှစ်ခုကို တင်စားပြီး ခွဲခြားပြသွားတာလား။ တွေးစရာတွေ ရစေပါတယ်။

ဇာတ်ရန်တစ်ဦးဖြစ်တဲ့ စာကြည့်တိုက်မှူး အိုရှီးမားကလည်း စဉ်းစားစရာပါ။ သူဟာ မှတ်ပုံတင်ထဲမှာ မိန်းမတစ်ယောက်လို့ ဆိုပါတယ်။ သူက မိန်းမတစ်ယောက်အနေနဲ့ မွေးဖွားလာတယ်။ ဒါပေယ့် ဖွံ့ဖြိုးမှုက မိန်းမမပီသခဲ့ဘူး။ ယောင်္ကျားတစ်ယောက်လို နေထိုင်တယ်။ ဒါပေမယ့် ယောင်္ကျားလျှာ မဟုတ်ပဲ ဆန့်ကျင်ဘက်ဖြစ်တဲ့ ယောင်္ကျားတွေကိုပဲ စိတ်ဝင်စားတာပါလို့လည်း ဆိုပြန်ပါတယ်။ ယောင်္ကျားမကျ မိန်းမမကျနဲ့ အိုရှီးမားရဲ့ အနေအထားကလည်း နှစ်မျိုးနှစ်ခွဖြစ်နေပါတယ်။ ဒီဇာတ်လမ်းမှာ အိုရှီးမားက စကားတွေ အများကြီးပြောပါတယ်။ အသက် ၂၁ နှစ်လို့ဆိုပေမယ့် အသိဉာဏ်ဗဟုသုတ အတော်မြင့်မားတဲ့ စရိုက်ကို ဖော်ကျူးထားတယ်။

ဂျော်နီဝါကား နဲ့ ကာနယ်စန်ဒါ ဆိုတဲ့ ဇာတ်ကောင်နှစ်ကောင်ကလည်း ထူးဆန်းနေတယ်။ ဂျော်နီဝါကားကတော့ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ကြောင်သတ်သမား ဆိုသူပါ။ သူက ၀ီစကီပုလင်းထဲက ဂျော်နီဝါကားလို ၀တ်စားထားတယ်။ ဘုရားကျောင်းတစ်ခုမှာ ထူးဆန်းတဲ့ ကျောက်တုံးကိုရအောင် ကားမောင်းသမားကို ကူညီခဲ့တာ ကာနယ်စန်ဒါ ဆိုသူပါ။ ကာနယ်စန်ဒါ ဆိုတာ KFC ကြက်ကြော်ထဲက နှုတ်ခမ်းမွှေးဖြူဖြူနဲ့ အဘိုးကြီးပေါ့။ သူက သူ့ကိုယ်သူ လူမဟုတ်ဘူးတဲ့။ သူဟာ သဘောတရား (concept) တစ်ခုပါလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ နာကာတာနဲ့ ဟိုရှီနိုကို ပုန်းနေဖို့ နေရာကိုပါ ဖုန်းဆက်ပြီး ပြောပြပေးခဲ့ပြန်တယ်။ နာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်တဲ့ ဂျော်နီဝါကား နဲ့ ကာနယ်စန်ဒါ ဆိုတဲ့ ဇာတ်ကောင်တွေ ဘာလို့ ထည့်သွင်း ခေါ်လာရသလဲဆိုတာလည်း ပဟေဠိတစ်ခုပါပဲ။ သူတို့ရဲ့ဇာတ်ရုပ်ကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အနက်ရောင်ဝတ်စုံနဲ့ ဂျော်နီဝါကားက ဆိုးတဲ့စရိုက် ဖြစ်ပြီး အဖြူရောင် ကာနယ်စန်ဒါကတော့ နာတာကာတို့အတွက် အကူအညီပေးတဲ့စရိုက် ဖြစ်နေပါတယ်။

ကားမောင်းသမား ဟိုရှီနိုရဲ့ စရိုက် တိုးတက်လာပုံ အဆင့်ဆင့်က စိတ်ဝင်စားစရာ ကောင်းနေပြန်ပါတယ်။ သူဟာ အစကတော့ ခပ်ပေါ့ပေါ့ သာမန်ကားမောင်းသမားပါ။ နာကာတာက သူ့အဘိုးနဲ့တူလို့ စေတနာရှိပြီး လိုက်ကူညီရာကနေ အကြောင်းအရာတွေကို လေးလေးနက်နက် ဖြစ်လာတယ်။ သွားရင်းလာရင်း သီချင်းတွေ ဂရုတစိုက် နားထောင်ရင်းကနေ စာကြည့်တိုက်ကို ရောက်တော့ ဘီသိုဗင်အကြောင်းတွေဘာတွေတောင် ဖတ်မိပြီး အတွေးတွေက ပိုလေးနက်လာတယ်။ နာကာတာ သေဆုံးသွားချိန်မှာ သူဟာလည်း လူအသစ်တစ်ယောက်အဖြစ် ဘ၀ကို ဖြတ်သန်းတော့မယ့်အနေနဲ့ ပြထားပါတယ်။

အနောက်တိုင်းနဲ့ အရှေ့တိုင်း ယဉ်ကျေးမှုတွေကို ၀တ္ထုထဲမှာ ရောမွှေထားတာကိုလည်း သတိထားမိပါတယ်။ မျက်မှန်၊ နာရီ စတာတွေမှာ သုံးစွဲတဲ့ အနောက်တိုင်းတံဆိပ်တွေ၊ အနောက်တိုင်း တေးဂီတတွေ၊ ဂရိဒဏ္ဍာရီတွေ တွေ့ရသလို တချိန်တည်းမှာပဲ ဘုရားကျောင်း ဇရပ်၊ ဘုရားကျောင်းမှာထားတဲ့ ကျောက်တုံးစတဲ့ အရှေ့တိုင်းရဲ့ အငွေ့အသက်တွေကို ပြထားပြန်ပါတယ်။



စာရေးဆရာကို လိုက်ဖတ်ကြည့်ရတာကတော့ သူ့စာတွေကို ဖတ်ရတာထက် ပိုမောပါတယ်။ မူရာကာမီက အင်တာဗျုးတစ်ခုမှာ ဒီလောက်ဆန်းကြယ် ရှုပ်ထွေးပြီး အတွေးအခေါ်တွေပါတဲ့ ဇာတ်လမ်းတွေကို ဘယ်လိုကြံစည် ရေးခဲ့သလဲလို့ မေးတော့ စာရေးတဲ့အခါ ဇာတ်လမ်းက ဘာဆက်ဖြစ်မယ် ဆိုတာကို ကြိုတွေးမထားဘူးလို့ ဖြေတယ်တဲ့။ ကြိုသိနေရင် ရေးရတာ ပျင်းစရာကြီးပေါ့ လို့ မူရာကာမီက ဆိုပါတယ်။ မူရာကာမီရဲ့ တခြားစာအုပ်တွေမှာတော့ သူဘာတွေ လက်-တွေ့တတ်သလဲ ဆိုတဲ့ သဲလွန်စတချို့ တွေ့မိသလိုပါပဲ။ သူဟာ ဂျက်ဇ်ဂီတ၊ ကြောင်၊ သိစိတ် နဲ့ မသိစိတ်၊ အတိတ် နဲ့ အိပ်မက် စတဲ့အရာတွေကို နှစ်သက်သူ ဖြစ်နိုင်တယ်။ After Dark ဆိုတဲ့ ၀တ္ထုမှာ ကြောင်တွေအကြောင်း နည်းနည်း ပြန်တွေ့ရတယ်။ အမေနဲ့သား ကြားက အကြောင်းတွေကိုတော့ After Quake လို့အမည်ရတဲ့ ၀တ္ထုတိုပေါင်းချုပ် တွေထဲက တစ်ပုဒ်မှာ တွေ့ရတယ် ။ Hard-boiled wonderland and the end of the world ဆိုတဲ့ ၀တ္ထုမှာတော့ သိစိတ် မသိစိတ်အကြောင်းတွေကို အဓိကထားပြီး ရေးသွားခဲ့တယ်။ အဲဒီလို သူရေးတဲ့ တခြားဝတ္ထုတွေ အကြောင်းကိုလည်း အာရုံရတဲ့အခါ အခုလို မှတ်စုမျိုး ရေးဖြစ်မယ် ထင်ပါတယ်။

(အခုတလောတော့ မူရာကာမီလို အရေးအသားမျိုးကို ဖတ်ဖို့ပဲ ဓာတ်ကျနေပါတယ်။ စကားလုံးဆန်း ဇာတ်လမ်းအထူးအဆန်း သက်သက်နဲ့ ဒန်တာမကဘဲ အတွေးတွေနဲ့ ဒန်ထားတဲ့ ကိုယ်ဖတ်ချင်တဲ့ ပုံစံ စာမျိုးကို ဖတ်ရတဲ့အတွက် ၀တ္ထုတွေ အပြီးမှာ ကျေနပ်မှု ရတယ်။ Dan Brown ၀တ္ထုတွေလို ဒါမှမဟုတ် အခုနောက်ဆုံး အရောင်းရဆုံး ဖြစ်နေတဲ့ Stieg Larsson ရဲ့ The girl with the dragon tattoo တို့လို ကိုတော့ စာအုပ်အနေနဲ့ မဖတ်ချင်ဘဲ ရုပ်ရှင်လောက်ပဲ ခံစားချင်ပါတယ်။ လတ်တလော အနေအထားကို ပြောတာပါ။)

တကယ်တော့ ပြောစရာတွေက ကျန်ဦးမှာပါ။ အနည်းဆုံးတော့ နှစ်သက်မိတဲ့ စကားပြောခန်းတွေပေါ့။ Kafka on the shore ၀တ္ထု ကို ကျောင်းတွေမှာ စာတမ်း တစ်စောင်စာလောက် သုံးသပ်ထားတာတွေ၊ သင်ရိုးအနေနဲ့ Chapter တစ်ခန်းချင်း လေ့လာကြတာတွေတောင် ရှိတယ်လို့ ကြားမိပါတယ်။ အခုတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါတယ်။


ပန်ဒိုရာ
(မောင်တိန့်ဘလော့ဂ်က ပန်းချီပုံတချို့ ယူသုံးထားပါတယ်။ ဓာတ်ပုံတွေကတော့ ကိုယ်တိုင်ရိုက်။)

Expand..

Saturday, August 14, 2010

ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်

Expand..

Thursday, August 5, 2010

ထာဝရအိပ်ပျော်သွားတဲ့ ကြယ်


ထာဝရအိပ်ပျော်သွားတဲ့ ကြယ်

ကြယ်တစ်ပွင့်
လွင့်ထွက်ကြွေခိုက်
ပင့်သက်တွေ ရှိုက်ရပြန်တယ်..။

“မပွင့်ဘဲဖူးခဲ့ရတဲ့ ကောင်မို့ မှောင်တယ်” တဲ့
အခုတော့ ခင်ဗျား
အလင်းတွေကြား ထွက်သွားခဲ့ပြီ။

“တယ်လီဖုန်းခေါ်သံတွေ ကြားတာတောင်
ပြန်မထူးဖြစ်တဲ့ကောင်” တဲ့
အခုတော့ ခင်ဗျား
ပြန်ထူးစရာမလိုအောင် ထွက်သွားခဲ့ပြီ။

“ငါ့မှာတစ်ယောက်ထဲ ဖြစ်နေရတဲ့အထဲ
ဝေါကနဲပျောက်ဆုံးလိုက်ရ” တဲ့
အခုတော့ ခင်ဗျား
အငွေ့တွေကြား ပျောက်ကွယ်သွားခဲ့ပြီ။

“လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ” တဲ့
အခုတော့ ခင်ဗျား
ဗုံသံတွေ မကြားတဲ့အရပ်ဆီ ထွက်သွားခဲ့ပြီ။

“ယုံကြည်ထားစမ်း ရေခိုးရေငွေ့တွေကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်ရမယ်ဆိုတာ” တဲ့
အခုတော့ ခင်ဗျား
ပင်လယ်ကို စိုက်ပျိုးပြပြီး ထွက်သွားခဲ့ပြီ။

“မေမေရေ.. မိုးတိမ်တွေထဲ ခြေပစ်လက်ပစ်
သားဝင်အိပ်ပစ်လိုက်ချင်ရဲ့” တဲ့
အခုတော့ ခင်ဗျား
ခြေပစ်လက်ပစ်အိပ်နေပုံများ
ကျွန်တော်တို့ ခေါ်တာတောင် မကြားတော့ဘူး။ ။

ခေလွန်း

(သြဂုတ်လ ၅ရက်၊ ၂၀၀၇ တွင် ကွယ်လွန်သွားသော စာရေးဆရာ တာရာမင်းဝေအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

ဆရာတာရာမင်းဝေ ကွယ်လွန်တဲ့နှစ်က ခေလွန်း ရေးထားခဲ့တဲ့ကဗျာလေးပါ။

ဆရာ တာရာမင်းဝေ ကွယ်လွန်တာ ၃ နှစ်မြောက်ခဲ့ပြီ။ မနှစ်ကလည်း အမှတ်တရပို့စ်တစ်ခု တင်ဖြစ်တယ်။ အပေါ်မှာ တင်ထားတဲ့ ပုံတူလေးကိုဆွဲပြီး စိတ်တိုင်းမကျတာနဲ့ ထပ်ပြင်ရင်း နောက်ကျသွားလို့ သိမ်းထားလိုက်တယ်။

ဒါကတော့ တာရာမင်းဝေအမှတ်တရ ဘလော့ဂ် လိပ်စာပါ။ http://taryarminwaimemorial.blogspot.com

အမှတ်တရ စာအုပ်တစ်အုပ်ကို ဒီနေရာမှာ download ယူလို့ရပါတယ်။

ရေဒီယို အစီအစဉ်တခုမှာ ကဗျာဆရာနှင်းခါးမိုး ပြောပြတဲ့ တာရာမင်းဝေအကြောင်းကို ကိုဇာနည်ဝင်းရဲ့ ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။

တာရာမင်းဝေကဗျာတစ်ပုဒ်ကို ရွတ်ဆိုထားတဲ့ အသံကိုတော့ ဆရာမမေငြိမ်းရဲ့ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။

မနော်ဟရီရဲ့ ဘလော့ဂ်မှာ ဆရာ့ကဗျာတွေ စုစည်းထားတာကို သွားယူလို့ရပါတယ်။

ပန်ဒိုရာ

Expand..