Tuesday, December 31, 2013

ကိုယ်ရေးကိုယ်တာ ၂၀၁၂-၂၀၁၃





နှစ်ကုန်တဲ့အခါ ဘာတွေကျော်ဖြတ်ခဲ့တယ် ဆိုတာ ပြန်ပြောရမယ်ဆိုရင်တော့ ၂၀၁၂ ကိုပါ ထည့်ပြောရလိမ့်မယ်။ ၂၀၁၁ စက်တင်ဘာမှာ အမိမြေကို ပြန်ခဲ့တာကိုး။ ၂၀၁၂ တစ်နှစ်လုံးနဲ့ ၂၀၁၃ တစ်နှစ်လုံးကို မြန်မာပြည်မှာပဲ အဓိက ဖြတ်သန်းခဲ့ရ။ ပြန်လာခဲ့တာဟာ ကိုယ်လိုချင်တာ တစ်ခုရနိုင်ဖို့ ဖိစီးမှုတွေ လျော့ပါးချင်တဲ့ ရည်ရွယ်ရင်းမို့ ကဗျာတွေစာတွေ အချိန်ပေးနိုင်သလောက်ထဲမှာ ဖိစီးမှုမဖြစ်ရုံ ရေးခဲ့။ ဒါပေမယ့်လည်း အလေးအနက်ထားတဲ့ အရာတိုင်းမှာ အလေးချိန်တစ်ခုက အမြဲဖိနေတာဆိုတော့ အချိန်တွေပိလာရင် နောက်ပြန်ဆုတ် ချိန်ညှိခဲ့ရ။ ကြံရွယ်ထားသလို မိသားစုနဲ့ အရည်အသွေးပြည့် အရသာပြည့်အချိန်တွေ ဦးစားပေး ဖန်တီး၊ ခံစား၊ ကျော်ဖြတ်။ 

အမိမြေကို ပြန်ရောက်ခိုက် ကမ္ဘာတုနဲ့ ကမ္ဘာစစ်ကြား ကွဲပြားနေတဲ့ ဘဝနှစ်ခုကို ပေါင်းစည်းပေးဖို့ အချိန်တန်ပြီလို့ ထင်မြင်လာတဲ့အခါ အင်တာနက်ဥခွံကနေ အပြင်ကိုထွက်လာခဲ့တယ်။ ဒါကလည်း ထွက်ဖို့ အခွင့်သာနေတုန်း အခိုက်အတန့်လေးမှာမို့ ထွက်ခဲ့တာမျိုး။ ကဗျာပွဲတွေ၊ တချို့သော အခမ်းအနားတွေ၊ ပြပွဲတွေ ရောက်ခဲ့။ ကဗျာဆရာ/ဆရာမ၊ စာရေးဆရာ/ဆရာမ အချို့နဲ့ သိကျွမ်းခဲ့။ ကဗျာပွဲတွေ စာအုပ်မိတ်ဆက်ပွဲတွေ သွားဖြစ်ခဲ့။ နိုင်ငံတကာပွဲတွေထဲမှာ Women in Media ၊ Blue Winds Multimedia Art Festival, Irrawaddy Literary Festival စသည်ဖြင့် အမှတ်တရ။  ပြည်ပခရီးအနေနဲ့ ပျောက်သွား(တယ်ထင်ခဲ့)တဲ့ IC card အသစ်ပြန်လုပ်ဖို့ စင်ကာပူကို တစ်ခေါက်ပဲ ပြန်ရောက်ခဲ့။ အခုအထိတော့ ထပ်မရောက်နိုင်သေး။ ၂၀၁၂ သြဂတ်စ်လမှာ IWP တက်ဖို့ အမေရိကကို မမျှော်လင့်ပဲ ရောက်သွားခဲ့။    

၂၀၁၃။ နှစ်ကုန်ပေမယ့် အကြွေးတွေကတော့ အများကြီးပဲ။ စာပေနဲ့ ပတ်သက်လို့တော့ -ဘာသာပြန်လက်စတွေ တန်းလန်း။ ဘလော့ဂ်တွေအကြောင်း ရေးလက်စ ပို့စ်က တန်းလန်း။ အိုင်အိုဝါရက်စွဲများ ရေးပြီးပေမယ့်လည်း ဘလော့ဂ်မှာ တင်ဖို့ နောက်ဆုံးတစ်ပိုင်းကျန်နေတယ်။ သူများတွေဆီက ရရန်ရှိတွေလည်း ရှိပါတယ်။ ကဗျာပါထားတဲ့ ပန်းဆိုးတန်းဂျာနယ် ဆရာမောင်လင်းရိပ်ဆီမှာ သွားမယူဖြစ်သေးဘူး။ တော်လှန်ကြောင် ခရီးရှည်ချီတက်ပွဲ စာအုပ်ကို မမြင်ရသေး။ ပိတောက်ပွင့်သစ်မှာ ကဗျာတစ်ပုဒ်ပါထားတာ ကြာလှပေမယ့် စာအုပ် သွားမယူဖြစ်။ ၂၀၁၄ ကို သယ်ဆောင်သွားမယ့် လုပ်လက်စတွေ။ အရေးအကြီးဆုံးကတော့ ကြွေးဟောင်းတွေ ကုန်အောင် မဆပ်နိုင်ခင်မှာ တသက်လုံးဆပ်ရဖို့တွက် ချထားလိုက်တဲ့ ကြွေးသစ်ကလေး။ 

ဒီအသက်ဒီအရွယ်ရောက်နေသူ ကိုယ့်ပြောင်းလဲမှုရဲ့ အရှိန်က ၂၀၁၃ ဖေဖော်ဝါရီကတည်းက ဝမ်းကြာတိုက်မှာ ခိုအောင်းနေတဲ့ လူအသစ်ကလေးကို ဘယ်မီမလဲ။ အောက်တိုဘာလကုန်မှာ သူကလေးဟာ လောကအလယ်ကို ရောက်လာ၊ အခု ဒီဇင်ဘာလကုန်မှာ ၂ လပြည့်တော့ နေ့ချင်းညချင်း လူလူသူသူဖြစ်လာတဲ့ အပြောင်းအလဲ။ မျက်စိရှေ့မှောက်မှာ တစ်ရွက်ချင်းလှန်သွားတဲ့ အချိန်စာမျက်နှာတွေ ဟာ အလှပဆုံးသော ကဗျာတစ်ပုဒ်။

အခုတော့ ကမ္ဘာတုမှာ မပြောနဲ့၊ တကယ့် လက်တွေ့ အပြင်ကမ္ဘာမှာတောင် ဟိုမသွားနိုင် ဒီမသွားနိုင်၊ မိတ်ဆွေများ ဆွေမျိုးများ ကို လောကဝတ် မကျေပွန်နိုင်။ ဒါကတော့ ဆုံးဖြတ်ချက်တစ်ခု အစပြုတဲ့ ကာလတွေကတည်းက နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ပြောရရင် ၅နှစ်ပျော့ပျော့။ အချိန်များ၊ ငွေများ၊ အခွင့်အရေးများ၊ အခွင့်အလမ်းများ၊ အခြားသော ဖြစ်နိုင်ခြေများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များ၊ သားသမီးဝတ္ထရား၊ မိတ်ဆွေဝတ္တရား၊ ဆွေမျိုးဝတ္တရား၊ တပည့်ဝတ္တရား အစရှိသော ဝတ္တရားများနဲ့ ပျော်ရွှင်မှုတချို့တလေ - အားလုံးဟာ မရေရာတဲ့ တစ်ခုခုအတွက် ကျေကျေနပ်နပ် စိုက်ထိုး စီးဆင်းသွားခဲ့တာပါ။ 

ဒီလိုနဲ့ မျှော်လင့်မရဲတရဲမှာ အကောင်အထည်ပေါ်လာတော့ ပြန်ရတာက ရုပ်ဝတ္ထုချမ်းသာမှုမဟုတ် ကိုင်တွယ်ဖမ်းဆုပ်ပြလို့ မရတဲ့ ဝမ်းသာကြည်နူးမှုရယ်သာ။ ရှေ့လျှောက်ပြီး ကိုယ်ဝါသနာပါရာ လုပ်ဖို့ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေ၊ ဝင်ငွေရဖို့ဖြစ်စေ ဖြစ်နိုင်ခြေတွေဟာ ပိုမိုတင်းကျပ်။ ၁၈ နှစ်နီးပါး တစ်ကိုယ်တော် လွတ်လွတ်လပ်လပ် နေလာသူအတွက် အခုတော့ အချိန်တွေဟာ အခြားဘက်ကို ပါသွား။ လောလောဆယ်တောင်မှ သူလေးအိပ်နေတုန်း အခုလို စာလေး ကမန်းကတန်း ရေးရ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၁၀ နှစ်က နှစ်ကူးညမှာ အမှတ်တရတစ်ခု နှစ်ဦးကြား။ အခုတော့ တစ်ယောက်ထပ်တိုး သုံးဦးကြား။ ဒီစာကိုလည်း နောက်တစ်ခေါက် ပြန်မဖတ်(အားတော့)ဘူး။ တင်လိုက်တယ်။ Happy 2014.

ပန်ဒိုရာ
၃၁.၁၂.၂၀၁၃ ည ၁၀း၀၉ နာရီ

Expand..

Monday, December 23, 2013

မျက်စိရှေ့မှောက် ဆိုက်ရောက်နေတာတွေ အားလုံးဟာ



မျက်စိရှေ့မှောက် ဆိုက်ရောက်နေတာတွေ အားလုံးဟာ

နက်ရှိုင်းတဲ့ စုပ်ယူမှုထဲက ဖြန့်ထွက်လာတဲ့ ပုံရိပ်ယောင်သက်သက်
အများအမြင် ထင်းထင်းကြီး ခုန်ချလိုက်တော့ “ပလုံ” မြည်သံ အက်ခိုးရိုက်သွား
ကမ်းနားသစ်ပင်မှာ တွဲလောင်းချန်ထားတဲ့ ဗျူဟာ ကိုတော့ မျှော့ကြိုးလျှော့ထားခဲ့
နိုင်ချင်ရင် ဒါမှမဟုတ် ရှုံးချင်ရင် တစ်ဘက်ဘက်ရဲ့ တောင်ပံတစ်ဖက်ကို ချိုးဖျက်/ဖြတ် မှရမယ်
မောင်းမတီးဘူး အလံမလွှင့်ဘူး အမှောင်ထုဟာ စစ်ဦးစီးပဲ
မြှူရုံမြှူပြီးမှ အတွင်းပိုင်းကို ဖြားယောင်းခေါ်လာခဲ့တာ
နောက်ဆုတ်ထားတဲ့ ခြေလှမ်း ရှေ့ကိုကမ်းလာတဲ့ လက်
ညိတ်လိုက်တဲ့ ဦးခေါင်း မတ်မတ်ခိုင်ထားတဲ့ ကျောရိုး
မာကျောမှုနဲ့ အပူဓာတ်သာလျှင် အားကြီးတာမဟုတ်
ပျော့ပြောင်းစွတ်စိုတဲ့ အေးစက်ခြင်းဟာ အလုံးအရင်းနဲ့ အဆင်သင့်
နေမြင့်ပြီ လူပြက်တွေလည်း ရင့်လာပြီ သရဖူလည်း (စိန်တုတွေနဲ့) တင့်တယ်နေပြီ
ရေလွှဲတံခါးဖောက်ချချိန်မှာ သမိုင်းအပြောင်းကို မျက်တောင်မခတ်ကြည့်ထား
တွားသွားနေတဲ့ ရွှေ့ကွက်တွေပေါ် ပြုတ်ကျလုလု ဝရံတာက ပန်းအိုးတစ်လုံး
ကျေနပ်နှစ်ချိုက်မှုတွေလည်း အခုယူရေနီယမ် တော်ကြာကျောက်စရစ်ခဲ
ထက်အောက် အောက်ထက် ဘေးချင်းယှဉ် ကန့်လန့်ဖြတ်
ဆက်ဆံရေးတွေကို မျက်စိနှစ်လုံးတည်းနဲ့ လှည့်ပတ်ချောင်းမြောင်းဖို့မလွယ်
နည်းစနစ်တွေရဲ့ အသေးစိတ်ဟာ အောက်ခြေအထိရောက်ဖို့တော့ ခက်မယ်
ခဲမိုးသွန်ရွာ မှန်ဖူးတဲ့ စာသူငယ်တွေဟာ ခြေပစ်လက်ပစ် ဒိုင်ဗင်ထိုးဝင်နေ
အခက်အခဲတွေကို အရည်ဖျော်ပေးပြီး အားလုံးရဲ့ ထောက်ခံမှုကို ကျော်လွန်သည်အထိ
မပြည့်ဝသေးတဲ့ အရေးပေါ်အစည်းအဝေးမှာ (နောက်တစ်ကြိမ်)
ကျေးဇူးတင်ခဲ့တယ် မျှော်လင့်နေခဲ့တယ် ဟုတ်ကဲ့ ကျွန်ုပ်တို့ သိခဲ့ကြပါတယ်
လမ်းဆုံးချင်းတူပါလျက် သွားပုံသွားနည်းကွဲတာနဲ့ မိတ်ဆွေတွေ လွဲချော်ကုန်ကြ
ဆန့်ကျင်ဘက် ဦးတည်သူချင်းဟာ လမ်းဆုံမှာ ထင်ယောင်ထင်မှား ပခုံးဖက်ကြ
အဝေးမှုန် အနီးပိန်းတို့ ကမ္ဘာမှာတော့ ကောလဟလတွေသာ လောကပါလ ဖြစ်လို့။


ပန်ဒိုရာ
၃၀.၈.၂၀၁၃

Expand..

Sunday, October 27, 2013

အိုင်အိုဝါရက်စွဲများ အပိုင်း (၈)



အိုင်အိုဝါရက်စွဲများ အပိုင်း (၈)

၂၀။ စီနီယာကောလိပ် နှင့် ဂျာနယ်လစ်ဇင်သင်တန်း စာသင်ခန်းများတွင်ဆွေးနွေးခြင်း

အိုင်အိုဝါမြို့က ကျောင်းစာသင်ခန်းတွေကို သွားလည်ပတ်တဲ့ အစီအစဉ်တွေက မပြီးဆုံးသေးပါဘူး။ အိုင်အိုဝါစီနီယာ ကောလိပ်ကို သွားပြီး မြန်မာနိုင်ငံအကြောင်းနဲ့ စာပေအကြောင်း ဆွေးနွေးပေးနိုင်မလားလို့ ဖိတ်ခေါ်လာပြန်ပါတယ်။ စီနီယာကောလိပ်မှာ အသက်အရွယ်ကြီးတဲ့ ပင်စင်စားအရွယ် ကျောင်းသားကျောင်းသူတွေ ရှိတယ်လို့ ပြောပါတယ်။
ရုရှက အယ်လီဇာ ရယ် ကျွန်မရယ်ဟာ စီနီယာကောလိပ်ကို သွားဖို့ အောက်တိုဘာ ၁၈ ရက်နေ့မှာ အလှည့်ကျပါတယ်။ အဲဒီနေ့က ညနေခင်းမှာ ကျွန်မတို့ IWP စာရေးဆရာအားလုံး ဘဏ်အကောင့်ဖွင့်ဖို့ စီမံပေးတဲ့ US Bank က ဖိတ်ကြားထားတဲ့ ညစာစားပွဲကလည်းရှိနေပါတယ်။ အောက်တိုဘာလထဲမှာ အပြင်ထွက်ရတာ ရာသီဥတုက အတော်အေးနေပါပြီ။ အဲဒီနေ့က ကျွန်မနဲ့ အယ်လီဇာဟာ မိုး သည်းသည်းအောက်မှာ အတူတူထွက်လာခဲ့ကြပါတယ်။

ညစာစားပွဲအတွက် အယ်လီဇာက အင်္ကျီပြန်လဲချင်တယ်ဆိုလို့ သူ့ကိုအရင်ဆုံး ဆွေးနွေးဖို့ အလှည့်ပေးလိုက်ပါတယ်။ ကျွန်မကတော့ အဲဒီဆွေးနွေးပွဲပြီးပြီးချင်းပဲ US Bank ကို ဆက်သွားလိုက်ပါတယ်။ ကောလိပ်မှာတွေ့ရတဲ့ သင်တန်းသားတွေက တကယ့်ကို အဘိုးအဘွားအရွယ်တွေပါ။ ဒီလိုအရွယ်မှာ ကိုယ်ဝါသနာပါတဲ့ စာပေကို လေ့လာနိုင်ဖို့ အခွင့်အရေး ရှိနေသေးတာလည်း အားကျစရာပါ။ တချို့လည်း တုတ်ကောက်နဲ့ တချို့လည်း ဘီးတပ်လှည်းတွေနဲ့ပါ။ လူကြီးတွေဖြစ်တဲ့အတွက် သူတို့နဲ့ ပြောတဲ့အခါမှာ ကျောင်းသားကလေးတွေကို ပြောရမယ့် အကြောင်းအရာနဲ့မတူပါဘူး။ အားလုံးက ဘားမား/မြန်မာ ဆိုတာကို သိကြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးနေဝင်း စသည်ဖြင့် အသေအချာ ကြားဖူးကြသူတွေလည်း ပါပါတယ်။ စာပေထက် နိုင်ငံအကြောင်းကို ပိုစိတ်ဝင်စားကြဟန်တူပါတယ်။ ကျွန်မလည်း သူတို့နဲ့ လိုက်ဖက်မယ့် အကြောင်းအရာတွေကို ပြင်ဆင်လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံအကြောင်းနဲ့ မြန်မာ့စာပေအကြောင်းအကျဉ်းချုပ်ကို မိနစ်၂၀ လောက်ပြောပြပြီး ကျွန်မရဲ့ ကဗျာတွေထဲက သူတို့ကို ဖျော်ဖြေမှု ပေးနိုင်မယ့် ကဗျာ ၃ ပုဒ်ကို ရွေးထုတ်ပြီး ရွတ်ပြခဲ့ပါတယ်။ အချိန်နည်းသွားတာမို့ မေးခွန်း နှစ်ခု သုံးခုသာ ခွင့်ပြုနိုင်ခဲ့တယ်။ သူတို့ထဲက တချို့ကတော့ မနှစ်ကလည်း မြန်မာစာရေးဆရာ တစ်ယောက် လာပြီး ဟောပြောသွားသေးတယ်လို့ ဆိုပါတယ်။ ကိုချိုတူးဇော်လား ဆိုတော့ ဟုတ်တယ်လို့ ပြန်ပြောကြပါတယ်။ ကိုချိုတူးဇော်ကို သူတို့က အမှတ်တရဖြစ်နေခဲ့ကြပါတယ်။ 
စီနီယာကောလိပ်မှာ မြန်မာနိုင်ငံနှင့် မြန်မာစာပေအကြောင်း ဆွေးနွေးနေစဉ်

ဂျာနယ်လစ်ဇင်စာသင်ခန်းအတွက်ကိုတော့ သူတို့ရဲ့ ပရော်ဖက်ဆာ ဆရာမကြီးက ကြိုတင်ပြီး စာတွေပို့ထားပါတယ်။ ဒီအတန်းအတွက်ကိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ထင်ရှားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ကရှာဖွေ စုဆောင်းပြီး slide show ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ သီပေါဘုရင်နဲ့ စုဘုရားလတ်ပုံ၊ ကိုလိုနီခေတ်က ဓာတ်ပုံတွေ၊ ၈၈ အရေးအခင်းမှာ မဝင်းမော်ဦးကို ဆရာဝန်နှစ်ယောက် သယ်ပြေးသွားတဲ့ပုံ အပါအဝင် လှုပ်ရှားမှုပုံတွေ၊ ရွှေဝါရောင်အရေးအခင်းတုန်းက နာမည်ကျော်တဲ့ ကိုရင်လေးသပိတ်မှောက်နေတဲ့ပုံနဲ့ ဂျပန်သတင်းထောက်ကို ပစ်သတ်နေတဲ့ ပူလစ်ဇာဆုရပုံ၊ နာဂစ်ဒဏ်ခံရပုံ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမဆုံး ပြန်လည်ညှိနှိုင်းကြစဉ် ဗိုလ်ချုပ်ဓာတ်ပုံကားချပ်ရှေ့မှာ ရိုက်ထားတဲ့ ပုံ၊ စတာတွေအပြီးမှာ မြန်မာ့ရေမြေတောတောင်ရဲ့ လှပတဲ့ရှုခင်းတွေနဲ့ မြန်မာ့ကျေးလက်လူထုရဲ့ သနပ်ခါးပါးကွက်ကျားနဲ့ ရိုးရိုးသားသား ပြုံးရွှင်နေတဲ့ ပုံလေးတွေ ပါဝင်ပါတယ်။ 

ကျွန်မရဲ့တင်ပြမှုကို “ဓာတ်ပုံတွေက ပြောပြတဲ့ မြန်မာအကြောင်း” လို့ ခေါင်းစဉ်တပ်ပြီး ကျောင်းသားတွေကို ဓာတ်ပုံရဲ့နောက်ကွယ်က မြန်မာ့သမိုင်းကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ချီလီက မာတီးရားစ်နဲ့ ဘော့စဝါနာက တီဂျေတို့လည်း ပါကြပါတယ်။ ဆွေးနွေးသူတွေရဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ပရော်ဖက်ဆာက ကျောင်းသားတွေကို ကြိုတင်ပြီးတော့ မေးခွန်းလေးတွေ မေးထားခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာ၊ ချီလီ၊ ဘော့စဝါနာ လို့ ပြောလိုက်ရင် အဲဒီနိုင်ငံအသီးသီးအတွက် ခေါင်းထဲကိုဝင်လာတဲ့ စကားလုံး ၃ လုံးစီ ချရေးထားပါ ဆိုတာလည်း ပါပါတယ်။ အဲဒီစကားလုံးတွေကို ကြည့်လိုက်တဲ့အခါ တချို့ကျောင်းသားတွေဟာ မြန်မာနိုင်ငံအကြောင်းရော ချီလီ နဲ့ ဘော့စဝါနာတို့ အကြောင်းကိုရော တော်တော် မသိကြတာကို သတိထားမိပြန်ပါတယ်။ ဂျာနယ်လစ်ဇင် ဘာသာရပ်ကို သင်ကြားနေတဲ့ ကျောင်းသားတွေ ဖြစ်ကြပေမယ့် ကျွန်မပြတဲ့ ပူလစ်ဇာဆုရ ဓာတ်ပုံကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ အကြောင်းအရာတွေကို သူတို့ကို မိတ်ဆက်တင်ပြခွင့်ရခဲ့ရတာ ကျွန်မအတွက် အခွင့်အရေးဖြစ်သလို သိခွင့်ကြုံရတာလည်း သူတို့အတွက် အကျိုးရှိခဲ့မယ်လို့ ယုံကြည်ပါတယ်။
ဂျာနယ်လစ်ဇင် စာသင်ခန်းမှာ ချီလီက မာတီးရားစ်၊ ပန်ဒိုရာနဲ့ ဘော့စဝါနာက တီဂျေ

၂၁။ ပျော်ရွှင်ဖွယ်တွေ့ဆုံပွဲများ

အောက်တိုဘာလထဲမှာ တဖြည်းဖြည်းနဲ့ နောက်ဆုံးပိတ် အစီအစဉ်တွေကို အပြီးသတ်ဖို့ ကြိုးစားလာရပါပြီ။ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြတာကိုတော့ နောက်ဆုံးအချိန်အထိ စောင့်မနေဘဲ စက်တင်ဘာလကတည်းက လုပ်ခဲ့ပြီးပါပြီ။ IWP ကိုတက်ရောက်ကြတဲ့ စာရေးဆရာတွေထဲမှာ အချိန်အစကနေ အဆုံးအထိ မနေနိုင်ကြသူတွေလည်း ပါပါတယ်။ တချို့ကလည်း ကြားကာလတွေမှာ အိမ်ပြန်ကြ၊ သူတို့အစီအစဉ်နဲ့ သူတို့ ခရီးသွားကြသူတွေလည်း ပါပါတယ်။ ဒီတော့ အားလုံးစုံစုံညီညီ ရှိလောက်တဲ့ စက်တင်ဘာလကတည်းက စုပေါင်းဓာတ်ပုံကို ရိုက်ထားခဲ့ကြပါတယ်။
စုပေါင်းဓာတ်ပုံ။ ရိုက်ပေးသူကတော့ စင်ကာပူက စတက်ဖနီရဲ့ အမျိုးသားပါ


ကျွန်မတို့ကို နေရာချထားပေးတဲ့ Iowa House Hotel မှာ IWP စာရေးဆရာအားလုံး အသုံးပြုနိုင်ဖို့ အများပိုင်အခန်းတစ်ခုကိုလည်း ပေးထားပါတယ်။ အဲဒီအခန်းထဲမှာ စာဖတ်ကြ၊ တွေ့ဆုံဆွေးနွေးကြ၊ စားသောက်ကြ၊ ညနေခင်းအစီအစဉ်တွေ လုပ်ကြ ပါတယ်။ တစ်ခါကတော့ အိုင်အိုဝါမြို့ခံ ကဗျာဆရာတစ်ယောက်ကို အဲဒီအခန်းကို ဖိတ်ကြားပြီး ကဗျာရွတ်ပွဲလုပ်ခဲ့ကြတယ်။ ပွဲအပြီး အမေးအဖြေ ကဏ္ဍမှာ ကျွန်မက မေးခွန်းတစ်ခုကို အမှတ်မထင် အစဖော်ခဲ့မိပါတယ်။ အဲဒါကတော့ ကဗျာဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်သလား ဆိုတာပါပဲ။ အဲဒီနေ့ကမှတ်မှတ်ရရ အီရတ်က  ဂူလာလာနဲ့ ဥဘက်ကစ္စတန်က အလီနာတို့ နှစ်ယောက်ကြားမှာ ဆွေးနွေးငြင်းခုံပွဲလေး ဖြစ်သွားကြပါတယ်။

ဧည့်သည်ကဗျာဆရာ ပြန်သွားတဲ့အခါ အဲဒီအကြောင်းအရာကို ဆက်ဆွေးနွေးကြပါတယ်။ ဂူလာလာဟာ အသက်လေးဆယ်ပတ်ဝန်းကျင်ဖြစ်ပြီး စစ်ပွဲနဲ့ ဒုက္ခသုခ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့တဲ့ ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ အလီနာကတော့ ၂၃ နှစ်လောက်ပဲ ရှိသေးပြီး အင်မတန်မှ စိတ်အားတက်ကြွတဲ့ ထူးချွန်ထက်မြက်သူလေးပါ။ သူတို့နှစ်ဦးက ကိုယ့်အမြင်နဲ့ကိုယ် ဆက်ဆွေးနွေးကြပါတယ်။ ဂူလာလာက “ကျွန်မကြုံတွေ့ခဲ့သမျှတော့ ကဗျာနဲ့ လူ့အဖွဲ့အစည်းကို မပြောင်းလဲနိုင်ဘူး” လို့ ဆိုပါတယ်။ “ကျွန်မဟာ ဝါသနာအရ ကဗျာရေးပေမယ့်လည်း နိုင်ငံက ကြုံနေရတဲ့ လတ်တလော စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့အတွက် လက်တွေ့ကျတဲ့ လူမှုရေး နိုင်ငံရေး အလုပ်တွေကို လုပ်ခဲ့ရတယ်၊ အဲဒီလိုအချိန်မှာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်မှုတွေကို ကဗျာရေးခြင်းအားဖြင့်တော့ ထိထိရောက်ရောက် မကူညီနိုင်ဘူး” လို့ဆိုပါတယ်။ 

အလီနာကတော့ လူငယ်ပီပီ မျှော်လင့်ချက်ထက်သန်စွာနဲ့ တက်တက်ကြွကြွပြန်ပြောပါတယ်။ “ကျွန်မဆိုလိုတာကတော့ ရေရှည်အတွက်ပါ။ ကဗျာက လူ့အဖွဲ့အစည်းကို ချက်ချင်းလက်ငင်း ပြောင်းလဲမသွားပေးပေမယ့် ကဗျာရေးခြင်း ဖတ်ခြင်း ဆိုတဲ့ ကဗျာယဉ်ကျေးမှု ဟာ လူ့အဖွဲ့အစည်းရဲ့ ခံယူချက်တွေကို ပြောင်းသွားစေနိုင်တယ် လို့ ကျွန်မကတော့ ယုံကြည်တယ်။” လို့ပြောပါတယ်။ ဒီအခါ ဂူလာလာက “ကဗျာတစ်ပုဒ်ကို ဖတ်ပြီးတော့ လူ့အဖွဲ့အစည်းတစ်ခုလုံး ပြောင်းသွားမှာလား” လို့မေးခွန်းထုတ်ပါတယ်။ ဂူလာလာဟာ ကဗျာတစ်ပုဒ်ကြောင့် ကိုလိုနီလက်အောက်မှာ အမျိုးသားရေးစိတ်ကို လှုံ့ဆော်ပေးတာတို့၊ အာဏာရှင် ဖိနှိပ်မှုအောက်မှာ လွတ်လပ်လိုစိတ်ကို အားပေးတာတို့အထိ လက်ခံပေမဲ့ လူ့အဖွဲ့အစည်းကို ပြောင်းနိုင်တယ် ဆိုတဲ့ စကားလုံးအပေါ်မှာတော့ လက်တွေ့ကျတဲ့ အယူအဆဘက်ကနေ သဘောမတူနိုင်ဘူးဖြစ်နေပါတယ်။

ကျွန်မက ကဗျာဆရာနှင်းခါးမိုးပြောခဲ့ဖူးတဲ့ “ကဗျာဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲစေမယ့် လူတွေကို ပြောင်းလဲပေးစေနိုင်ပါတယ်” ဆိုတဲ့စကားကို ကိုးကားလိုက်တော့ ဒါကိုတော့ သူတို့ နှစ်ဦးစလုံး လက်မခံနိုင်စရာ မရှိကြပါဘူး။ အဲဒီလို အမျိုးသမီးကဗျာဆရာတွေ တက်တက်ကြွကြွ ဆွေးနွေးနေကြတာကို အမျိုးသားကဗျာဆရာတွေကတော့ ခေါင်းတညိတ်ညိတ်နဲ့ စိတ်ဝင်တစား ထိုင်ကြည့်နေကြပါတယ်။ အဲဒီလို လွတ်လပ်ပွင့်လင်းတဲ့ အလွတ်သဘော ရင်းရင်းနှီးနှီး ဆွေးနွေးချိန်တွေဟာ စိတ်လှုပ်ရှားစရာ ပျော်စရာကောင်းလှပါတယ်။ 

တစ်ခါကလည်း ကိုရီးယားစာရေးဆရာ ဟေးအီစူးနဲ့ စကားလက်ဆုံကျဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ ဂျပန်စာရေးဆရာ မူရာကာမိကို နှစ်သက်ကြတဲ့အကြောင်း ပြောဖြစ်ပါတယ်။ သူက ကိုရီးယားရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေဟာ ကမ္ဘာကျော်ပေမယ့် ဂျပန်စာရေးဆရာတွေ ကမ္ဘာကျော်သလို ကိုရီးယားစာရေးဆရာတွေ ကိုရီးယားဝတ္ထုရှည်တွေ ကိုတော့ လူမသိကြဘူးဆိုတဲ့ အကြောင်း ပြောပြပါတယ်။ ဒါကြောင့်မို့ သူတို့ဆီမှာ အစိုးရအစီအစဉ်နဲ့ ဘာသာပြန်သင်တန်းတွေပေးပြီး ကိုရီးယားဝတ္ထုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဘာသာပြန်ဖို့ လုပ်နေတာတွေရှိတယ် လို့ ပြောပြပါတယ်။ သူတို့ဆီက စာရေးဆရာတွေဟာ ၂ နှစ် ၃ နှစ်လောက်မှ တစ်ခါ ဝတ္ထုရှည်တစ်ပုဒ်ရေးတာနဲ့ ဒီကြားထဲမှာ စာသင်တာနဲ့ မိသားစု လူတန်းစေ့ နေနိုင်တယ်လို့ဆိုပါတယ်။ သူဟာလည်း ဝတ္ထုတိုကိုတောင်မှ လိုအပ်တဲ့ သုတေသနတွေလုပ်၊ အချိန်ယူပြီးမှ တစ်နှစ်ကို ပုဒ်ရေအနည်းငယ်သာ ရေးသူပါ။ ကျွန်မတို့ဆီမှာ လောလောဆယ်ဖြစ်နေသေးတဲ့ အနေအထားတွေ (ဥပမာ- စာရေးဆရာတစ်ယောက်ဟာ စာရေးသားခြင်းသက်သက်နဲ့ အသက်မွေးဖို့ ခက်ခဲတာ၊ ရသစာပေ အရည်အသွေး တိုးတက်မှုနည်းနေတာ) တစ်ခွန်းပြောပြလိုက်တိုင်း သူက ဒီလိုမျိုး ကိုရီးယားမှာ လွန်ခဲ့တဲ့ အနှစ် ၂၀၊ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျယ်ပြန့်တဲ့ ကိုရီးယားနိုင်ငံမှာ စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ဆိုတာကလည်း မလွယ်ပါဘူးတဲ့။ စာပေပြိုင်ပွဲ အဆင့်ဆင့်မှာ ဆုရဖို့လိုအပ်တယ် လို့ ပြောပါတယ်။ အခုအချိန်မှာ စာပေရေးသားခြင်းကို လူငယ်တွေဟာ အလွန် စိတ်ဝင်စားနေကြပြီး တက္ကသိုလ်တွေမှာ creative writing မေဂျာကို တက်ခွင့်ရဖို့အတွက် အမှတ်ကောင်းကောင်းရဖို့ ယှဉ်ပြိုင်နေကြတယ်လို့ဆိုပါတယ်။ 

IWP တက်ရတဲ့အခါမှာ ကျောင်းကစီစဉ်ပေးတဲ့ ပုံမှန်အစီအစဉ်တွေအပြင် အခုလို နိုင်ငံတကာက စာရေးဆရာတွေနဲ့ အလွတ်သဘော စကားစမြည်ပြောပြီး သူတို့ဆီက ဗဟုသုတရစရာတွေကို ဆွေးနွေးဖလှယ်ရတာ တန်ဖိုးရှိလှပါတယ်။ ဘော့စဝါနာက တီဂျေဒီးမားနဲ့ အိုင်အိုဝါမြစ်ဘေးမှာ နေ့လည်စာအတူထိုင်စားဖြစ်တဲ့ နေ့တစ်နေ့ကတော့ ကျွန်မတို့ဟာ ကဗျာအကြောင်း ပြောနေရင်းနဲ့ ဘော့စဝါနာနိုင်ငံရဲ့ ကြောက်စရာလန့်စရာ HIV/AIDS ပြန့်ပွားမှု အခြေအနေဆိုး အကြောင်းကို ပိုပြီး စိတ်ဝင်တစား ပြောဖြစ်ကြပါတယ်။ ခုခံအားကျဆင်းမှုရောဂါ ပျံ့နှံ့မှုဟာ တစ်နိုင်ငံလုံးကို ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားတဲ့အထိ ရှင်းလင်းပစ်နိုင်လောက်အောင် ဆိုးဝါးနေကြောင်းကို သဘောပေါက်သွားတဲ့အခါ ဘော့စဝါနာ  အုပ်ချုပ်သူတွေဟာ ဖြစ်ပွားနေတဲ့ ကိန်းဂဏန်းတွေကို အတည်ပြုဝန်ခံပြီး အကူအညီတွေကို တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အိုင်အိုဝါဟိုတယ်ရဲ့ ညနေခင်းတချို့မှာ စာရေးဆရာတွေဟာ အဲဒီ အများသုံးဧည့်ခန်းမှာ စုဝေးပြီး စားသောက်ကြ သီချင်းဆိုကြ ကကြနဲ့ ပျော်ရွှင်စရာအချိန်တချို့လည်း ရှိခဲ့ပါတယ်။ တစ်ညနေမှာတော့ တစ်ယောက်က ဂစ်တာယူလာခဲ့ပါတယ်။ စာရေးဆရာ အတော်များများဟာ ဂီတအနုပညာနဲ့လည်း မစိမ်းသူတွေပါ။ အထူးသဖြင့် ဘီလာရုဇ်က အန်ဒရေနဲ့ ဘရာဇီးလ်က ရော်ဒရီဂိုး တို့ဟာ ပရော်ဖက်ရှင်နယ်တွေလို ဂစ်တာတီး ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ နေဘုန်းလတ်ကလည်း သူကိုယ်တိုင် စပ်ထားတဲ့ မြန်မာသီချင်း တစ်ပုဒ်ကို ဂစ်တာတီးပြီး ဆိုပြခဲ့ပါသေးတယ်။ အီရတ်က ဂူလာလာက သူတို့ရိုးရာ ဗိုက်လှုပ်အကကို သင်ပေးလို့ စာရေးဆရာတွေက ကိုးရိုးကားရား လိုက်ကကြတာလည်း ပြန်တွေးကြည့်ရင် ရယ်စရာပါ။ Life of Discovery လို့ခေါ်တဲ့ IWPနဲ့ တရုတ်နိုင်ငံက စာရေးဆရာတွေရဲ့ ပူးတွဲပရောဂျက်အတွက် ရောက်ရှိနေကြတဲ့ တရုတ်စာရေးဆရာ ၄ ယောက်ကလည်း ဟိုတယ်ကို လာလည်ပြီး အဲဒီ အများသုံးဧည့်ခန်းလေးမှာ တရုတ်ရိုးရာ တူရိယာတွေကို တီးမှုတ်ဖျော်ဖြေသွားကြပါသေးတယ်။

အိုင်အိုဝါဟောက်စ်ဟိုတယ်မှာ အီရတ်က ဂူလာလာနဲ့ ဘီလာရုဇ်က အန်ဒရေ

အိုင်အိုဝါဟောက်စ်ဟိုတယ်မှာ ညနေခင်း အမှတ်တရ တွေ့ဆုံပွဲတစ်ခု



၂၂။ နှုတ်ဆက်ပွဲများ


စီနီယာကောလိပ်မှာ သွားရောက်ဆွေးနွေးတဲ့နေ့ ညနေပိုင်းမှာ US Bank က ဖိတ်ခေါ်တဲ့ ညစာစားပွဲကို သွားရပါတယ်။ US Bank ဟာ IWP စာရေးဆရာတွေ အစဉ်အဆက်ကို ငွေစာရင်းဖွင့်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်လည်းဖြစ်ပါတယ်။ အဲဒီညစာစားပွဲမှာ IWP ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဟွာလင်းနီးလ်အန်ဂယ်လ် (ပေါလ် အန်ဂယ်လ်ရဲ့ ဇနီး) နဲ့လည်းတွေ့ခဲ့ရပါတယ်။ အဲဒီပွဲမှာတော့ ဘီလာရုဇ်က အန်ဒရီ၊ ဇင်ဘာဘွေက ခရစ္စတိုဖာနဲ့ ကိုရီးယားက ချွိုင် တို့က ကဗျာတွေ ပြဇာတ်တွေကို ဖတ်ခဲ့ကြပါတယ်။ ညစာစားပွဲအပြီး ချမ်းအေးလှတဲ့ ညချမ်းမှာ Englert Theatre မှာ နာမည်ကျော် Kronos Quartet ဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို အခမဲ့ နားဆင်ခဲ့ကြရပါတယ်။ IWP ကိုတည်ထောင်ခဲ့တဲ့ ဟွာလင်း အန်း အန်ဂယ်လ်ကို International IMPACT Award ဆုပေးပွဲ အခန်းအနားကိုလည်း IWP စာရေးဆရာတွေဟာ နှုတ်ဆက်ကာလတွေမှာ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနေ့အခန်းအနားက WorldCanvass Broadcast နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ 
US Bank ရဲ့ အမှတ်တရ ဒေါ်လာပြားလေးကို လက်ခံစဉ်


US Bank ဒင်နာမှာ ဆရာမကြီး ဟွာလင်း အန်း အန်ဂယ်လ် နဲ့ အမှတ်တရ


Kronos Quartet ဖျော်ဖြေပွဲ


နှုတ်ဆက်ပွဲတွေထဲမှာ ဖော်ရွေလှတဲ့ စာကြည့်တိုက်တာဝန်ခံ ဂျပန်မလေး ချာကီရဲ့ အိမ်ကိုခေါ်ကျွေးမွေးတဲ့ နေ့လည်စာကိုလည်း မေ့ထားလို့မရပါဘူး။ ချာကီဟာ အာရှတိုက်သား စာရေးဆရာတွေရဲ့ စာကြည့်တိုက်ကိစ္စ အဝဝ ကို ကူညီဖို့ တာဝန်ပေးခံထားရသူဖြစ်ပါတယ်။ သူက အာရှတိုက်သား စာရေးဆရာတွေကို လူနည်းနည်းစီခွဲပြီး သူ့အခန်းမှာ နေ့လည်စာလာစားကြဖို့ ဖိတ်ပါတယ်။ ကျွန်မကို ဘယ်သူတွေနဲ့ အတူတူလာချင်လဲ လို့ မေးတော့ ကျွန်မတို့ မြန်မာ ၂ ယောက်နဲ့အတူ ကိုယ်နဲ့လည်းခင်မင်နေတဲ့ ကိုရီးယား ၂ ယောက်ကို တစ်အုပ်စု ဖိတ်ပေးဖို့ ပြောလိုက်ပါတယ်။ အဲဒီနေ့မှာ သူ့တစ်ဦးတည်းနေထိုင်တဲ့ သပ်ရပ်တဲ့ အခန်းလေးထဲမှာ အရသာရှိလှတဲ့ ဂျပန်နေ့လည်စာကို စားခဲ့ရပါတယ်။ 
ချာကီရဲ့အိမ်မှာ ချာကီ၊ နေဘုန်းလတ်၊ ကိုရီးယားက အီးစူးတို့နဲ့အတူ။ ကိုရီးယားက ချွိုင် ကတော့ ဓာတ်ပုံရိုက်ပေးနေလို့ ဒီပုံထဲမှာ မပါဘူး။



နောက်ထပ်မမေ့စရာပွဲတစ်ခုကတော့ အောက်တိုဘာ ၃၀ ညမှာ IWP က ဆက်ဆံရေးတာဝန်ခံ ဂျိုးရဲ့ ညီတစ်ယောက် အိမ်မှာ ကျင်းပတဲ့ တစ္ဆေကြီးပွဲလို့ ခေါ်တဲ့ ဟယ်လိုဝင်းပါတီ ပါ။ ကျွန်မလည်း ဟယ်လိုဝင်းပါတီတွေကို တစ်ခါမှ မသွားဖူးပါဘူး။ သူတို့တွေ ဝတ်စားဆင်ယင်ကျင်းပပုံကိုတော့ အလွန်သိချင်နေပါတယ်။ ကျွန်မ အပါအဝင် IWP စာရေးဆရာတချို့ဟာ ပါတီပွဲနဲ့ လိုက်လျောညီထွေ ဝတ်စားဆင်ယင်ပြီး အဲဒီပွဲကို သွားခဲ့ကြပါတယ်။ အက ဝါသနာပါသူတွေကလည်း သီချင်းတွေဖွင့်ပြီး ကကြပါတယ်။ အဲဒီတလောမှာ ခေတ်စားနေတဲ့ အိုပါဂန်းနန်းစတိုင် သီချင်းကိုလည်း ဖွင့်ပြီး ကကြတာတွေ့ရပါတယ်။ အမေရိကန်တွေဟာ အဲဒီသီချင်းကိုလည်း အလွန်နှစ်သက်ကြပါတယ်။ 
စင်ကာပူက စတက်ဖနီက ယူရူဂွေးက လူးဝစ်ကို ဟယ်လိုဝင်းပွဲအတွက် ပြင်ဆင်ပေးနေစဉ်


အာဖဂန်နစ္စတန်က မိုဟစ်ဘ်နဲ့ ကိုရီးယားက ချွိုင် ဟယ်လိုဝင်းအတွက် ဝတ်စားဆင်ယင်ထားပုံ


စာကြည့်တိုက်မှာ အပတ်စဉ်ကျင်းပတဲ့ panel discussion ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအစီအစဉ်မှာ Image of America ဆိုတဲ့ ခေါင်းစဉ်နဲ့ IWP စာရေးဆရာတွေက အမေရိကမှာ နေထိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ထင်မြင်ချက်တွေကို ပြောကြပါတယ်။ အဲဒီနေ့က စကားပြောအလွန်ကောင်းတဲ့ ကူဝိတ်က တားလက်ဘ်က စာကြည့်တိုက်ဆွေးနွေးပွဲတွေမှာ ပီဇာကိုပဲ အမြဲကျွေးလို့ ငြီးငွေ့မိတဲ့အကြောင်း ဟာသနှောကာ ပြောတော့ အားလုံးပွဲကျခဲ့ကြပါတယ်။ ကျွန်မနဲ့ နေဘုန်းလတ်တို့လည်း အမေရိကအပေါ် ထင်မြင်ချက်တွေကို အနည်းငယ် ပြောဖြစ်ခဲ့ကြပါတယ်။ စလိုဗက်ကီးယားက စာရေးဆရာမ ယာနာ ရဲ့ holy တွေ ထပ်နေတဲ့ အိုင်အိုဝါ နှုတ်ဆက် ကဗျာတစ်ပုဒ် ကိုလည်း အားလုံးက အထူးသဘောကျကြပါတယ်။ ယာနာ ဟာ ထူးချွန်တဲ့ စာရေးဆရာမတစ်ဦး ဖြစ်ပါတယ်။ IWP တက်ရောက်နေတဲ့ ကာလထဲမှာပဲ ဥရောပစာပေဆု ချီးမြှင့်ခြင်း ခံလိုက်ရပါသေးတယ်။ 
Images of America ဆွေးနွေးပွဲမှာ စကားပြောဖြစ်စဉ်

နိုဝင်ဘာ ၄ ရက်နေ့မှာတော့ Englert Theatre မှာ IWP အစီအစဉ်က ကျင်းပတဲ့နှုတ်ဆက်ပွဲနဲ့ ဂုဏ်ပြုကဒ်ပြား ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ လက်ဆောင်တွေလဲလှယ်ကြ အမှတ်တရဓာတ်ပုံတွေရိုက်ကြတဲ့ နောက်ဆုံးနေ့ပါ။ စာရေးဆရာအားလုံးကို ဂုဏ်ပြုကဒ်ပြားတွေပေးအပ်ပြီးတဲ့အခါမှာ တစ်ယောက်ကျန်နေတယ်လို့ ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်က ပြောပါတယ်။ ဟုတ်ပါတယ်။ ကဒ်ပြားမရသေးပဲ ကျန်နေသူက ကူဝိတ်က တားလက်ဘ်ပါ။ သူ့အတွက်တော့ အထူးပြင်ဆင်ထားပါတယ်လို့ ကြေညာပြီးတော့ လှမ်းပေးလိုက်တာက ပီဇာဗူးတစ်ဗူး ဖြစ်နေတဲ့အခါ အားလုံးက ရယ်မောကြပါတယ်။ ပီဇာကို ခဏခဏစားရလို့ မုန်းနေသူ တားလက်ဘ်ကို သက်သက် ကျီစယ်ကြတာဖြစ်ပါတယ်။ အဲဒီ ပီဇာဗူးထဲမှာ ဂုဏ်ပြုကဒ်ပြားကို ထည့်ထားပါတယ်။ အဲဒီပွဲအပြီးမှာတော့ စားသောက်ဆိုင်တစ်ခုမှာ ဆက်ပြီး အတီးအမှုတ်တွေ အကတွေနဲ့ နှုတ်ဆက်ပြီး ညဥ့်နက်အောင် နေခဲ့ကြပါတယ်။ 
IWP fall 2012 နှုတ်ဆက်ပွဲမှာ ဂုဏ်ပြုကဒ်ပြားတွေနဲ့အတူ နေဘုန်းလတ်နဲ့ အမှတ်တရ

နောက်တစ်နေ့မှာတော့ ကျွန်မတို့အားလုံးကို အိမ်အပြန်ခရီးရဲ့ နောက်ဆုံးအစီအစဉ်တွေဖြစ်တဲ့ ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့ ခရီးစဉ်အတွက် ပြင်ဆင်နေကြရပါပြီ။ တချို့စာရေးဆရာတွေက အဲဒီခရီးစဉ်မှာ မပါဝင်တာမို့ သူတို့အတွက်တော့ IWP အစီအစဉ်ကို တစ်ခါတည်း အပြီးနှုတ်ဆက်ခဲ့ရခြင်း ဖြစ်ပါတယ်။ IWP စာရေးဆရာတွေ ထွက်ခွာသွားတဲ့အခါ သူတို့ကျောင်းကြီးလည်း ခြောက်ကပ်ကျန်ခဲ့မယ်လို့  IWP ရုံးသူရုံးသားတွေက လွမ်းလွမ်းဆွတ်ဆွတ် ပြောကြပါတယ်။ ဒီမြို့လေးကို နောက်တစ်ခေါက် အလည်ရောက်လာဖို့ ဆိုတာကလည်း မလွယ်ဘူးမဟုတ်လား။  အဲဒီအချိန်မှာ သစ်ရွက်တွေ နီနီဝါဝါ အရောင်ပြောင်းရာကနေ ပင်လုံးကျွတ် တဖွဲဖွဲကြွေကျကုန်လို့ အိုင်အိုဝါတစ်မြို့လုံးက သစ်ပင်တွေဟာလည်း အရိုးပြိုင်းပြိုင်းနဲ့ ခြောက်သွေ့လာခဲ့ပါပြီ။


အိုင်အိုဝါတက္ကသိုလ်တစ်နေရာက သစ်ပင်ကြီး


 ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။ အပို်င်း ၉ တွင်နိဂုံးချုပ်ပါမည်။ )
 ၂၀၁၃ အောက်တိုဘာလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။ 




Expand..